ဘာစီလိုနာအသင်းအနေဖြင့် PSG အသင်းမှ အသင်းတိုက်စစ်မှူးဟောင်း မက်ဆီကို ခေါ်ယူနိုင်ပါက အသင်း၏ဝင်ငွေမှာ (၂၅) ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဖြစ်ကြောင်း ကတ်တလန်အခြေစိုက် Mundo Deportivo က ဖော်ပြခဲ့သည်။
အသက် (၃၅) နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Mundo Deportivo ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းတွင် မက်ဆီ ကစားစဉ်က ၎င်း၏ တည်ရှိမှုတစ်ခုတည်းကပင် ယူရိုသန်း (၂၅၀)မှ ယူရိုသန်း (၃၀၀) အထိ တန်ကြေးရှိကြောင်း သိရသည်။
PSG အသင်းသည် မက်ဆီကို ခေါ်ယူပြီးနောက် စပွန်ဆာများစွာ ရရှိခဲ့ပြီး ယူရိုသန်း (၂၅၀) မှ ယူရိုသန်း (၃၀၀) အထိ ဝင်ငွေတိုးမြင့်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို ပြန်လည်ခေါ်ယူမည်ဆိုပါက အသင်း၏ဝင်ငွေမှာ (၂၅) ရာခိုင်နှုန်းထိ တိုးမြင့်လာနိုင်ကြောင်းလည်း Mundo Deportivo က ဖော်ပြခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါလစာစည်းမျဉ်းကြောင့် မက်ဆီကို ခေါ်ယူနိုင်ရန် ခက်ခဲဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။






