ဒေါ့မွန်အသင်းသည် စနေနေ့ (မြန်မာစံတော်ချိန် မတ် ၁၉) က ဧည့်သည်အသင်း ကိုလုံး ကို ၆-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သည်။
ပထမပိုင်းမှာတင် ၄ ဂိုးသွင်းခဲ့သော ဒေါ့မွန်ကို ကိုလုံးက အမီလိုက်ကစားသော်လည်း အပြတ်အသတ်ရှုံးနိမ့်ခဲ့ရသည်။ ဒေါ့မွန်၏ ၆ ဂိုးတွင် Sebastien Haller နှင့် အသင်းခေါင်းဆောင် Marco Reus တို့က ၂ ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ တကယ်ကောင်းတဲ့ ပွဲတစ်ပွဲကို ပြသခဲ့ပြီး ကောင်းကောင်း စတင်ခဲ့ပြီး ချက်ချင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လူတိုင်းက တကယ်ကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ဂိုးသမားကနေ တိုက်စစ်မှူးအထိ ဘယ်အချိန်မှာမှ သက်သာရာမရခဲ့ပါဘူး။” ဟု ဒေါ့မွန်နည်းပြ အီဒင် တာဇစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းသည် ရမှတ် ၅၃ မှတ်နှင့် တနင်္ဂနွေနေ့မှာ လေဗာကူဆင်နှင့် ကစားရမည့် ဘိုင်ယန်မြူးနစ်ထက် ၁ မှတ် ရှိနေပါသည်။ အာရ်ဘီ လိုက်ပ်ဇစ် သည် VfL Bochum ကို ၁-၀ ဖြင့် ရှုံးနိမ့်ပြီးနောက် ၄၅ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

နိုင်ငံတကာပွဲများ ရပ်နားပြီးနောက် ဘွန်ဒက်စ်လီဂါက မတ်လ ၃၁ ရက်နေ့မှာ ပြန်လည်စတင်မည်ဖြစ်သည်။
“ဒီရလဒ်နဲ့ နိုင်ငံတကာပွဲတွေအတွက် အနားယူရတာ ပျော်ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ စည်းချက်တွေကို အလုံးစုံ ကျေနပ်ပါတယ်” ဟုလည်း Terzic က ပြောကြားခဲ့ကြောင်း သိရသည်။






