Thursday, January 22, 2026
spot_img
spot_img

ဘော်လွန်းဒီအော်ကိုလက်လွှတ်ခဲ့ရပေမယ့် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဗင်နီစီးယက်စ်

လွန်ခဲ့တဲ့ ၂ လအကြာက ဘော်လွန်းဒီအော်ဆုကို မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီထံ အငြင်းပွားဖွယ်ဆုံးရှုံးလိုက်ရပြီးနောက် ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီစီးယက်စ်ဂျူနီယာဟာ ၂၀၂၄ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးအထိသွင်းယူပြီး ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးလက်ရွေးစင်ဟာ ဒေါ့မွန်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဗင်နီစီးယက်စ်ဟာ ကလပ်အသင်းဖော်တွေဖြစ်တဲ့ ဂျုဒ်ဘယ်လင်ဟမ်၊ ဒန်နီကာဗာဂျယ်၊ ဖီဒီရီကိုဗယ်လ်ဗာဒီ၊ ခီလီယန်အမ်ဘာပေနဲ့ တိုနီခရူးစ်တို့အပါအဝင် လီယွန်နယ်မက်ဆီ၊ ရိုဒရီ၊ အာလင်းဟာလန်း၊ ဖလော်ရီယန်ဝက်ဇ်နဲ့ လာမိုင်းယာမယ်လ်တို့ကိုကျော်ဖြတ်ပြီး ဖီဖာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးသားဟာ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးရရှိမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အောက်တိုဘာလမှာကျင်းပခဲ့တဲ့ ဘောလွန်းဒီအော်ဆုပေးပွဲမှာတော့ ရိုဒရီက ဆုကိုဆွတ်ခူးသွားတာကြောင့် ရီးရဲလ်မက်ဒရစ်တစ်သင်းလုံး အဆိုပါဆုပေးပွဲအခမ်းအနားသို့တက်ရောက်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဘောလွန်းဒီအော်နဲ့လွဲချော်ပြီးနောက်မှာ ဗင်နီစီးယက်စ်က ဆိုရှယ်မီဒီယာမှတစ်ဆင့် “ကျွန်တော်က ဒီဆုနဲ့မထိုက်တန်သေးဘူးဆိုရင် ဒီထက်ပိုပြီး ၁၀ ဆလောက်ထပ်ကြိုးစားသွားပါမယ်” လို့ရေးသားတုံ့ပြန်ခဲ့ပါတယ်။

ယခုအခါမှာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိပြီးနောက် အသက်-၂၄ နှစ်အရွယ်ကစားသမားက “ဒီနေရာကိုရောက်ဖို့ မဖြစ်နိုင်တဲ့နေရာတစ်ခုကနေ လာခဲ့ရပါတယ်။ ကျွန်တော်အရင်က ရာဇဝတ်မှုတွေပြည့်နှက်နေတဲ့ ဆာအိုဂွန်ကာလိုရဲ့ လမ်းသွယ်လေးတွေမှာ ဘောလုံးကစားနေခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒီနေရာကိုရောက်အောင်လာဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီနေရာကိုရောက်ဖို့ မဖြစ်နိုင်ဘူးလိုထင်နေတဲ့ ကလေးတွေအတွက် ကျွန်တော်က ဥပမာအနေနဲ့ ရောက်အောင်ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့မိသားစုကိုကျေးဇူးတင်ပါတယ်။ ပြီးတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီအသင်းက ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးအသင်းပါ။ ပြီးတော့ ကျွန်တော့်ကို လမ်းတွေပေါ်မှာရှာတွေ့ခဲ့တဲ့ ဖလာမင်ဂိုအသင်းရဲ့ ကျေးဇူးကိုလည်းမေ့ထားလို့မရပါဘူး။ ဖလာမင်ဂိုအသင်းမရှိဘဲ ကျွန်တော်ဒီနေရာကိုရောက်လာနိုင်မှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ တိုက်ကြီးများဖလားဗိုလ်လုပွဲစဉ်အဖြစ် မက္ကဆီကိုကလပ် ပါချူကာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗင်နီစီးယက်စ်အနေနဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုကို အသင်းနဲ့အတူ ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments