Tuesday, January 13, 2026
spot_img
spot_img

ဘရူနိုဖာနန်ဒက်စ်၏အေးဂျင့် ကလပ်အသင်းများစွာနှင့် ဆွေးနွေးရန်စီစဉ်နေပြီး ဘိုင်ယန်မြူးနစ်နည်းပြသစ် ကွန်ပနီ၏ ပစ်မှတ်ကစားသမားဖြစ်နေဟု သတင်းထွက်

မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်၏ အေးဂျင့်ဖြစ်သူသည် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကလပ်အသင်းများစွာနှင့် ဆွေးနွေးသွားရန် စီစဉ်နေကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်သည် လက်ရှိအချိန်၌ မန်ယူအသင်း၏ အရေးအပါဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ပြီးခဲ့သည့်ရာသီ၌ အသင်း၏ စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို၊ ယခုနွေရာသီတွင် အသင်း၌ အပြောင်းအလဲများစွာ ဖြစ်လာဖွယ်ရှိသည့်အတွက် ၎င်း၏ အေးဂျင့်ဖြစ်သူက ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများနှင့် ဆွေးနွေးမှုပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်(၂၉ နှစ်) သည် မန်ယူအသင်းနှင့် ၂၀၂၆ ခုနှစ်စာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်သည်။ ၎င်းသည် မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင်(၂၄၀၀၀၀)ရရှိနေပြီး အသင်းခေါင်းဆောင်အဖြစ်လည်း ခန့်အပ်ခံထားရသောကြောင့် ကာလရှည်မြင်တွေ့ရလိမ့်မည်ဟု ယူဆခဲ့ကြသော်လည်း လက်ရှိအချိန်တွင်မူ ၎င်း၏အနာဂတ်မှာ မရေမရာဖြစ်လာကြောင်း သိရသည်။ 

ပေါ်တူဂီမီဒီယာများကလည်း ယခုနွေရာသီတွင် ဘရူနိုဖာနန်ဒက်စ်၏ အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်ခဲ့ပြီး ပေါ်တူဂီအားကစားသတင်းစာ Ojogo က ဘိုင်ယန်မြူးနစ်နည်းပြသစ် ကွန်ပနီ၏ ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဘယ်လ်ဂျီယံကစားသမားဟောင်း ကွန်ပနီသည် အသင်းကို အားဖြည့်ရန် ပြင်ဆင်နေရာတွင် ပရီးမီးယားလိဂ်မှ ကစားသမားအများစုကို မျက်စိကျနေပြီး ယင်းတို့အနက် ဘရူနိုဖာနန်ဒက်စ်သည် ၎င်း၏ နံပါတ်တစ် ဦးစားပေးပစ်မှတ်ဖြစ်နေကြောင်း  သိရသည်။ 

ယခုအခါ ဘရူနိုဖာနန်ဒက်စ်၏ အေးဂျင့်ဖြစ်သူ မီဂွယ်လ်ပင်ဟိုသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စတင်ဆွေးနွေးတော့မည်ဖြစ်ပြီး ဒုတိယမြောက် လက်ခံဆွေးနွေးမည့်အသင်းမှာ ဘာစီလိုနာ ဖြစ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။ ဘာစီလိုနာအသင်းမှာလည်း နည်းပြအပြောင်းအလဲ ဖြစ်ပေါ်ထားသည့်အသင်းဖြစ်ပြီး နည်းပြသစ် ဟန်ဆီဖလစ်ခ် ခေါ်ယူလိုသည့်ကစားသမား များထဲတွင် ဘရူနိုဖာနန်ဒက်စ်လည်း ပါဝင်နေခြင်းဖြစ်သည်။ 

ဘရူနိုဖာနန်ဒက်စ်က ၎င်းသာမက ၎င်းင်း၏ မိသားစုကပါ မန်ယူအသင်းတွင် ဆက်ကစားသွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားထားသော်လည်း မထင်မှတ်သည့်အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဗြိတိန်မီဒီယာအချို့ကလည်း သုံးသပ်ခဲ့သည်။ မန်ယူအသင်း၏ ရှယ်ယာရှင်အသစ် ဆာဂျင်ရက်ကလစ်ဖ်သည် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်သွားရန် စီစဉ်နေသော်လည်း ငွေကြေးများစွာ ထုတ်သုံးသွားဖွယ်မရှိဘဲ ကစားသမားရောင်းချမှုမှ ငွေရှာ၍ ကစားသမားသစ်ခေါ်ယူသည့်အစီအစဉ်ကို ကျင့်သုံးဖွယ်ရှိကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments