ဆော်ဒီကလပ်အသင်းများသည် ဥရောပမှ ထိပ်တန်းကစားသမားများအား ဆက်တိုက်နီးပါး ခေါ်ယူလျက်ရှိရာ ဘန်ဇီမာ၊ ကွန်တေ၊ နေးဗက်စ်၊ ကူလီဘလီတို့ကို ခေါ်ယူခဲ့ပြီးနောက် ဘရိုဇိုဗစ်၊ ဇီယာ့ရှ်၊ ဖေမီနို၊ မန်ဒီတို့ကိုလည်း ထပ်မံခေါ်ယူနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
သတင်းများအရ ချယ်လ်ဆီးအသင်းမှ မော်ရိုကိုတောင်ပံကစားသမား ဇီယာ့ရှ်သည် စီရော်နယ်လ်ဒို ရောက်ရှိနေသည့် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီး (၃)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဟု သိရသည်။
အသင်းဖော် ဆီနီဂေါဂိုးသမား မန်ဒီမှာလည်း အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ရန် နီးစပ်နေသည်။
ချယ်လ်ဆီးအသင်းသည် ကစားသမားအင်အား ဖောင်းပွနေသည့်အတွက် ပြန်လည်ရောင်းထုတ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး မန်ဒီအတွက် ပေါင် (၁၆)သန်း၊ ဇီယာ့ရှ်အတွက် ပေါင်(၈)သန်း ရရှိမည်ဟု သိရသည်။

ဆော်ဒီပရိုလိဂ်သို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိလာသော အယ်လ်အာလီအသင်းသည် မန်ဒီအပြင် လီဗာပူးလ်ကစားသမားဟောင်း ဖေမီနိုကိုလည်း ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရသည်။
ထို့ပြင် အယ်လ်အာလီအသင်းသည် မန်စီးတီးအသင်းမှ အယ်လ်ဂျီးရီးယားကစားသမား မာရက်ဇ်ကိုလည်း လက်ရှိရရှိနေသည့် လစာ၏ (၅)ဆဝန်းကျင်ဖြင့် ကမ်းလှမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
မာရက်ဇ်သည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ပေါင်(၈.၅)သန်း ရရှိနေသူဖြစ်ပြီး အယ်လ်အာလီအသင်းက တစ်နှစ်ပေါင်(၄၃)သန်းဖြင့် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဆော်ဒီကလပ်များသည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်စျေးကွက်ကို အဓိကထိုးဖောက်နေသော်လည်း အယ်လ်နာဆာအသင်းက အင်တာမီလန်အသင်းမှ ခရိုအေးရှားကွင်းလယ်ခံစစ်သမား ဘရိုဇိုဗစ်ကို ခေါ်ယူနိုင်တော့မည်ဟု သိရသည်။
၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဖြင့် ကမ်းလှမ်းမှုကို အင်တာမီလန်အသင်းက လက်ခံလိုက်ပြီဟု ဂျာနယ်လစ်အချို့က ဖော်ပြခဲ့သည်။
ဆော်ဒီကလပ်များသည် ဂရီးဇ်မန်း၊ လာကာဇက်၊ အလက်ဆစ်ဆန်းချက်ဇ်၊ အူဘာမီယန်း၊ လိုရစ်၊ အိုဒွိုင်း စသည့် အခြားနာမည်ကျော်ကစားသမားများစွာကို ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းလည်း သိရသည်။






