Tuesday, January 13, 2026
spot_img
spot_img

ဘရိုက်တန်နဲ့ ပွဲမှာ ကိုယ်စီခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ချဲလ်ဆီး စတား ၃ဦး အပေါ် ချီးကျူးစကား ဆိုသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်ကပဲ ဘရိုက်တန် အသင်းနဲ့ ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲ စတင် ကစားခဲ့ရာ ၊ အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ၄ – ၃ ရလဒ်နဲ့ ကပ်အနိုင်ရခဲ့ပါတယ် ။ အဖွင့်ခြေစမ်းပွဲမှာ လိဂ်တူးကလပ် ရက်ဇ်ဟမ်းကို ၅ – ၀ နဲ့ ပြတ်ပြတ်သားသား နိုင်ခဲ့တာမှန်ပေမယ့် ၊ ယနေ့မနက်က ခြေစွမ်းနဲ့ ရလဒ်က ချဲလ်ဆီး အသင်းသားတွေကို ယုံကြည်မှု ပိုတိုးစေမှာ သေချာပါတယ် ။

ဒီပွဲမှာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုဟာ အဓိက ကစားသမား တချို့တဝက်ကို လူငယ် ခြေတက်လေးတွေနဲ့ တွဲပြီး ပွဲထုတ်လာခဲ့ကာ ၊ ၁၂မိနစ်မှာ ဒန်နီ ဝဲလ်ဘတ်ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ခွင့် စပေးခဲ့ရပေမယ့် မိနစ်အနည်းငယ် အကြာမှာပဲ နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူက ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ် ။

ဒုတိယပိုင်း ပြန်အစ ၁၅မိနစ် အတွင်း ဘရိုက်တန်ဖက်က တယောက်လျော့သွားအပြီး ချဲလ်ဆီးတို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ရာ ၊ လူစားဝင် ကစားသမားတွေ ဖြစ်ကြတဲ့ မစ်ခ်ဟိုင်းလို မူဒရစ်နဲ့ နီကိုးလက်စ် ဂျက်ဆင်တို့ ကိုယ်စီ ပထမဆုံးသွင်းဂိုးတွေ ရယူနိုင်ခဲ့ကြသလို ၊ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါကလည်း တဂိုးသွင်းပေးနိုင်ခဲ့ပါတယ် ။

ထို့နောက် ကစားရှိန်ကျသွားကာ ၊ ခံစစ်အမှားတွေနဲ့ ဘရိုက်တန်ကို ချေပဂိုး ၂ဂိုး ခွင့်ပြုခဲ့ရပေမယ့် ၊ နောက်ပိုင်း ခြေစမ်းပွဲမှာတော့ ပိုချက်တီနို တယောက် ခံစစ် တည်ငြိမ်ဖို့ကို အာရုံစိုက်မှာ သေချာပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ဂိုးသွင်းနိုင်ခဲ့ကြတဲ့ စတား ၃ဦး အပေါ် အခုလို ချီးကျူးသွားပါတယ် ။

ပိုချက်တီနို က ” ဟုတ်ပါတယ် ။ ဂျက်ဆင် အတွက်ရော ၊ မူဒရစ် အတွက်ပါ ဂိုးသွင်းနိုင်ဖို့ အရေးကြီးပါတယ် ။ အန်ကွန်ကူအတွက်ပါပေါ့ ။ တိုက်စစ်အားသန်တဲ့ ကစားသမားတွေ အဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်စေဖို့ အတွက်ဆိုရင် ဂိုးသွင်းနိုင်ဖို့ လိုပါတယ် ။ ”

” ဂိုးတွေ သွင်းနိုင်ဖို့ ဆိုတာ အမြဲ အရေးကြီးတာ မှန်ပေမယ့် ၊ ကျွန်တော်တို့ အခုအချိန်မှာ ခြေစွမ်း တိုးတက်ဖို့ ကြိုးစားနေတာပါ ။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ ကျွန်တော်တို့ဟာ အနည်းငယ် ပိုတည်ငြိမ်ခဲ့တာကြောင့် အခွင့်အရေးတွေ ပိုပြီး ဖန်တီးနိုင်ခဲ့ပြီး ၊ ဂိုးပိုရခဲ့တယ်လို့ ထင်ရလို့ပါ ။ ”

” ကျွန်တော်တို့ ရှေ့ဆက် တိုးတက်ဖို့ လုပ်ဆောင်ရဦးမယ့် နေရာတွေ ရှိနေသေးတာ သိပါတယ်။ ကိုယ့်အလုပ် အပေါ် ကိုယ်အာရုံစိုက်မှာ ဖြစ်ပြီး ၊ အချိန်ယူသွားမှာပါ ။ ကျွန်တော်တို့ အနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ တိုးတက်မှု အပေါ် ယုံကြည်မှု ရှိရှိနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို အရောက်လှမ်းနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဆီနီဂေါကြယ်ပွင့် ဂျက်ဆင်ဟာ မနေ့ကပွဲမှာ လူစားဝင်ပြီး တဂိုးသွင်း ၂ဂိုးဖန်တီးက Man of the Match ဆုကို ရရှိသွားပါတယ် ။ လက်ရှိ form ကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် ဂျက်ဆင် တယောက် ရာသီသစ်မှာ ပွဲထွက်တိုက်စစ်မှူး နေရာကိုတောင် ရနိုင်ပါတယ် ။

ဂျက်ဆင်နဲ့ ပတ်သက်ပြီး ပိုချက်တီနို က ” ချဲလ်ဆီးက သူ့လို ကစားသမား တယောက်ကို ခေါ်လိုက်ပြီဆိုရင် ချဲလ်ဆီးက သူ့ဆီမှာ အရည်အချင်း တခုခု မြင်တွေ့ထားလို့ပဲ ဖြစ်ပါလိမ့်မယ် ။ ခင်ဗျားတို့ ပြောကြသလို သူ့ရဲ့ ပြီးခဲ့တဲ့ရာသီက အဆုံးသတ် အကြောင်းက မှန်ပါတယ် ။ သူဟာ တကယ် ခြေစွမ်းကောင်းကောင်းနဲ့ အဆုံးသတ်နိုင်ခဲ့တာပါ ။ ”

” သူဟာ ပင်ကိုအရည်အချင်း တောက်ပြောင်တဲ့ ကစားသမား တယောက်ပါ ။ သူဟာ အသင်းသစ်နဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန် လိုအပ်ပါသေးတယ် ။ ဒီလို ပွဲမျိုး ကစားပြီး ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နေရတယ် ဆိုတဲ့ ခံစားချက်မျိုး ရစေဖို့က အရေးကြီးပါတယ် ။ ”

” သူဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသလို ၊ အသက်လည်း ငယ်သေးတာကြောင့် သူ ရှေ့ဆက် တိုးတက်လာဖို့ ၊ အနာဂတ်မှာသာမက လက်ရှိ ချဲလ်ဆီးရဲ့ အရေးပါတဲ့ ကစားသမား တယောက် ဖြစ်လာဖို့ ကျွန်တော်တို့ ကူညီပေးဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments