ဘရန်းဖိုဒ့် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ ဟားဗတ်ဇ် အနေနဲ့ အနိုင်ဂိုး မသွင်းခင် အချိန်မှာကတည်းက အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရသင့်တယ်လို့ ပရီးမီးယားလိဂ်ရဲ့လွတ်လွပ်သော KMI Panel ( Key Match Incidents Panel ) မှာ သုံးသပ် လိုက်ပါတယ် ။
လန်ဒန်ဒါဘီ ပွဲမှာ အာဆင်နယ် အသင်းဟာ နွေရာသီ တုန်းက ခေါ်ယူထားတဲ့ ဒက်ကလန်ရိုက်စ် ၊ ကိုင်ဟားဗတ်ဇ် တို့ရဲ့ ခေါင်းတိုက် သွင်းဂိုးတွေ နဲ့ အတူ ဘရန်းဖိုဒ့် အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင်ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံးကို ရောက်ရှိ သွားခဲ့တာပါ ။

ဘရန်းဖိုဒ့် အသင်းဟာ အာဆင်နယ် အသင်းကို ပွဲချိန် ၈၅ မိနစ် မတိုင်ခင် အထိ သရေ ရလဒ် ထွက်ပေါ်အောင် ကစား ထားနိုင်ပေမယ့် ဟားဗတ်ဇ် ရဲ့ တိကျ သေသပ်တဲ့ ခေါင်းတိုက် သွင်းဂိုးကြောင့် ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရခြင်း ဖြစ်ပါတယ် ။ ပွဲအပြီးမှာ ဘရန်းဖိုဒ့် နည်းပြ သောမက်စ် ဖရန်ခ့် တို့က အနိုင်ဂိုးရှင် ဟားဗတ်ဇ် ဟာ ကွင်းထဲမှာ ဆက်ရှိ နေသင့်တဲ့ ကစားသမား မဟုတ်ဘဲ နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ ဆိုခဲ့ပါတယ် ။
ပြီးခဲ့တဲ့နှစ်နှစ်တုန်းက ဒိုင်လူကြီး တွေရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ပြန်လည် ဆန်းစစ် သုံးသပ်ဖို့ ပရီးမီးယားလိဂ် က ဖွဲ့စည်းခဲ့တဲ့ KMI Panel ကတော့ ဘရန်းဖိုဒ့် နဲ့ ပွဲမှာ ဟားဗတ်ဇ်ဟာ ဂိုးဧရိယာ အတွင်း ဟန်ဆောင်လဲချခဲ့တာကြောင့် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံရသင့်တယ်လို့ သုံးသပ် သွားခဲ့ပါတယ် ။
Panel ရဲ့ အဖွဲ့ဝင် ငါးဦးစလုံးက ” နောက်ခံလူ က ထိမိတဲ့ အချိန်မတိုင်ခင်ကတည်းက ဟားဗတ်ဇ် က မြေကြီးပေါ် လဲကျ တော့မယ့် အခြေအနေမှာ ရှိနေပါတယ် ။ ကွင်းထဲက ဆုံးဖြတ်ချက် က မှားယွင်းခဲ့ကြောင်း ကျနော်တို့ အားလုံး တညီတညွတ်တည်း သဘော တူပါတယ် ၊ ဟားဗတ်ဇ် အနေနဲ့ ဟန်ဆောင် လဲချ ခဲ့တဲ့ အတွက် ဒုတိယ အဝါကဒ် ထိခဲ့သင့်ပါတယ် ။ ” လို့ သဘောတူ သုံးသပ် သွားခဲ့တာ ဖြစ်ပါတယ် ။






