မန်စီးတီးအသင်း၏ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် လက်ရှိရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်အား ပြီးခဲ့သည့် ၂၀၂၃ နွေစျေးကွက်အတွင်း ခေါ်ယူနိုင်ရန် နောက်ဆုံးအချိန်အထိ ဖုန်းဆက်ကြိုးပမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
မက်ဒရစ်အခြေစိုက်၊ စပိန်မီဒီယာ Cadena SER ၏ ဖော်ပြမှုအရ မန်စီးတီးအသင်းနှင့် နည်းပြဂွါဒီယိုလာတို့သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ဘယ်လင်ဟမ်အား အဓိကပစ်မှတ်အဖြစ် ကြိုးပမ်းခဲ့ပြီး ရီးယဲလ်အသင်းအား ကျော်ဖြတ်ခေါ်ယူနိုင်ရန်ပင် မျှော်လင့်ခဲ့ကြောင်းသိရသည်။

ဂွါဒီယိုလာသည် ဘယ်လင်ဟမ် ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးနေ့ရက်ကတည်းက ခေါ်ယူရန် စီစဉ်ခဲ့ပြီး ဖုန်းဖြင့်ဆက်သွယ်ကာ (၃)နာရီကြာစကားပြောခဲ့ကြောင်းနှင့် မန်စီးတီး၏အနာဂတ်စီမံကိန်းများ၊ အပြောင်းအလဲများ၊ ရီးယဲလ်အသင်းထက် အဓိကမေဂျာဆုဖလား ပိုမိုရရှိနိုင်သည့်အခြေအနေဖြင့် ဖြားယောင်းခဲ့ကြောင်း Cadena SER ကဖော်ပြခဲ့သည်။
သို့သော် ဘယ်လင်ဟမ်သည် ဂွါဒီယိုလာ၏ပြောကြားမှုများကို ပြတ်ပြတ်သားသားငြင်းဆန်ပယ်ချခဲ့ပြီး ၎င်းအနေဖြင့် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့က ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူးဟော်လန်းအားခေါ်ယူနိုင်ခဲ့ပြီးနောက် ဘယ်လင်ဟမ်အားထပ်မံခေါ်ယူကာ တွဲဖက်ကစားစေရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်သည် ယခုရာသီ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲကစားထားရာတွင် သွင်းဂိုး (၁၀)ဂိုး သွင်းယူကာ၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ထားပြီး အကောင်းဆုံးကစားသမားအဖြစ်ခြေစွမ်းပြနေသူဖြစ်သည်။






