အက်သလက်တီကိုအသင်းနည်းပြဖြစ်သူ ဆီမြွန်နီက အသင်း၏ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်းအနေဖြင့် ၎င်း၏နေရာမှန်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဟု ချီးကျူးပြောကြားခဲ့ကြောင်း စပိန်အားကစားသတင်းစာ AS ကဖော်ပြခဲ့သည်။
ဂရီးဇ်မန်းသည် ပြီးခဲ့သည့် အောက်တိုဘာ (၂၃) ရက်နေ့က ဘက်တစ်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သော စပိန်လာလီဂါပွဲစဉ် (၁၁)တွင် အက်သလက်တီကိုအသင်းအတွက် သွင်းဂိုး (၂)ဂိုးစလုံးသွင်းယူပေးခဲ့ပြီး နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ယင်းပွဲအပြီးတွင် ဆီမြွန်နီက ဂရီးဇ်မန်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ချီးကျူးပြောဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂရီးဇ်မန်းမှာ မိမိတို့ လိုအပ်သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဆီမြွန်နီက ”ဂရီးဇ်မန်းရဲ့လက်ရှိအခြေအနေအတွက် ကျွန်တော်အလွန်ဝမ်းသာမိပါတယ်။ သူ (ဂရီးဇ်မန်း) ဟာ အက်သလက်တီကိုမှာ ဆက်နေဖို့ အလိုရှိခဲ့သူပါ။ ဂရီးဇ်မန်းဟာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ဟာလည်း ခေါင်းဆောင်ကောင်းတွေ လိုအပ်နေတဲ့အသင်းပါ။ ဂရီးဇ်မန်းအနေနဲ့ သူ့ရဲ့နေရာမှန်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီဖြစ်သလို၊ သူ့ရဲ့အသင်းဖော်တွေကလည်း သူ့ကိုနားလည်မှုအပြည့်ရှိကြပါတယ်” ဟု AS သတင်းစာသို့ဖြေကြားခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ ဂရီးဇ်မန်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး အသင်းသစ်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသည့်အတွက် အက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။






