Monday, February 9, 2026
spot_img
spot_img

ဖိုဒန်၏သွင်းဂိုး ပယ်ဖျက်ခံရခြင်းမှာ အန်ဖီးလ်ကွင်း၌ဖြစ်သောကြောင့် ဂွါဒီယိုလာ ဝေဖန်ခဲ့ပြီး အန်ဖီးလ်၌ ကစားရသော်လည်း သက်ရောက်မှုမရှိကြောင်း ယာဂန်ကလော့ပ် တုံ့ပြန်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းနှင့်ပွဲတွင် ဖိုဒန်၏သွင်းဂိုး ပယ်ဖျက်ခံရခြင်းမှာ အန်ဖီးလ်ကွင်း၌ဖြစ်သောကြောင့်ဟု ဝေဖန်ပြောကြားသည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အဖြစ် လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့ တနင်္ဂနွေနေ့ညပိုင်းက အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင် လီဗာပူးလ်အသင်းက ၇၆ မိနစ်တွင် ဆာလာသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ဒုတိယပိုင်း ၅၃ မိနစ်တွင် မန်စီးတီးအသင်းအတွက် ကွင်းလယ်လူ ဖိုဒန် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ကွင်းလယ်ဒိုင် အန်သိုနီတေလာက ကွင်းနံဘေးရှိ မော်နီတာကို ကြည့်ရှုစစ်ဆေးပြီးနောက် ၎င်းဂိုးမသွင်းယူမီ ဖာဘင်ညိုကို ဟော် လန်း ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဂွါဒီယိုလာက ”ဒိုင်လူကြီးက နည်းပြတွေဆီလာပြီး ဆက်ကစားပါ၊ ဆက်ကစားပါလို့ ပြောတယ်။ ပြစ်ဒဏ်ဘောတွေက သန်းနဲ့ချီပြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးလည်းရပြီးတော့ သူက ဆက်မကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက အန်ဖီးလ်ပါပဲ။ ကျွန်တော်တို့ လုံလောက်တဲ့ အခွင့်အရေးတွေရခဲ့တယ်။ အရမ်းကောင်းတဲ့ အခွင့်အရေးတချို့လည်း ကျွန်တော်တို့ ရခဲ့တယ်။ ပွဲအားလုံးမှာ ကျွန်တော်တို့ သတ္တိရှိရှိကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်ကစားသင့်တဲ့ပုံစံမျိုး ကစားခဲ့ပြီး ကိုယ်လုပ်ခဲ့တာတွေအတွက် နောင်တရတာ၊ စောဒကတက်စရာ မရှိပါဘူး”ဟု Sky Sports သတင်းဌာနသို့ ပြောကြားသည်။

ဂွါဒီယိုလာ၏ဝေဖန်မှုအပေါ် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကမူ ”အန်ဖီးလ်က VAR ဆုံးဖြတ်ချက်ကို ချခဲ့တာလို့ လူတွေပြောနေကြတာ ကျွန်တော် အခုကြားနေရတယ်။ မို (ဆာလာ) ပြစ်ဒဏ်ကျူးလွန်ခံရပေမဲ့ အန်ဖီးလ်ဖြစ်လို့ တစ်စုံတစ်ရာ သက်ရောက်မှုရှိဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဖာဘင်ညိုက ပြစ်ဒဏ်ကျူးလွန်ခံရတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ သဘောတူပါတယ်။ ဒါက တစ်စုံတစ်ယောက်ကို ဆွဲချလိုက်တယ်ဆိုတာ မလုံလောက်ဘူးလား။ သူ(တေလာ)က ဖာဘင်ညိုကို ဟော်လန်း ဘယ်လိုဆွဲချလိုက်တယ်ဆိုတာကိုပဲ VAR ကနေ ကြည့်ရှုခဲ့တာပါ။ ဒါပေမဲ့ အယ်လီ(အယ်လစ် ဆန်)ရဲ့လက်က ဘောလုံးပေါ်မှာရောက်နေပြီး အဲဒါကို ဂိုးအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်လည်း မယုံနိုင်လောက်အောင်ဖြစ်မိမှာပါ။ ဒါက ပြစ်ဒဏ်ဘောဆိုတာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အယ်လီရဲ့လက်တစ်ဖက်က ဘောလုံးပေါ်မှာရှိနေလို့ပါ”ဟု တုံ့ပြန်ပြောကြားသည်။

ထို့ပြင် လီဗာပူးလ်ပရိသတ်များက ဂွါဒီယိုလာကို အကြွေစေ့များဖြင့် ပစ်ပေါက်ခဲ့သော်လည်း ထိမှန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments