Monday, February 9, 2026
spot_img
spot_img

ဖလားသုံးလုံးအောင်ပွဲအကြောင်း တွေးထားနိုင်ပြီဖြစ်ပြီး မိမိတို့အသင်း လုပ်နိုင်စွမ်းရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကြုံးဝါး

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဖလားသုံးလုံးအောင်ပွဲအကြောင်း တွေးထားနိုင်ပြီဖြစ်ပြီး ဆုဖလားအားလုံးရယူနိုင်ရန် မိမိတို့လုပ်နိုင်စွမ်းရှိကြောင်း ကြုံးဝါး ပြောကြားခဲ့သည်။
 
မန်စီးတီးအသင်းသည် ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်း၌ (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး  နှစ်ကျော့ပေါင်းရလဒ် (၅-၁) ဂိုးဖြင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။ 

မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး FA ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲ ရောက်ရှိနေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း လက်ကျန်သုံးပွဲအနက် တစ်ပွဲအနိုင်ရရုံဖြင့် သုံးနှစ်ဆက်ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရမည်ဖြစ်သည်။


သို့ဖြစ်ရာ ဂွါဒီယိုလာက “ပထမပြိုင်ပွဲနှစ်ခုကို အနိုင်ယူပါရစေဦး။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ နီးစပ်နေပါပြီ။ ကျွန်တော်တို့အတွက် နောက်ထပ်တစ်ပွဲပဲ လိုတော့တာ သိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲတွေမှာ ကိုယ့်ရဲ့အိမ်နီးချင်းအသင်း (မန်ယူ)၊ အီတလီကလပ်အသင်း (အင်တာမီလန်)တို့နဲ့ ကစားရမှာပါ။ ဒီရာသီက အရမ်းကိုကောင်းမွန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေနဲ့ နီးစပ်နေပြီဖြစ်လို့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့က ဒီနေရာမှာ ရောက်နေပါပြီ။ အဲဒီဆု ဖလားတွေအကြောင်း စဉ်းစားပြီးတော့ မျှော်မှန်းလို့ရနေပါပြီ။ ကျွန်တော်တို့အတွက် သုံးပွဲပဲ လိုပါတော့တယ်။ ပြိုင်ပွဲတစ်ခုချင်းစီအတွက် ကျွန်တော်တို့ လုပ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ရှ်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ပြီးသည့်နောက်တွင် “ဒါက တကယ့်ကို မယုံနိုင် စရာပဲ။ ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးကို ဒီလိုအနိုင်ယူနိုင်စွမ်းရှိတဲ့အသင်း များများစားစားရှိလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘယ်လိုခံစားမှုမျိုးလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့အသင်းက ရပ်တန့်လို့မရတော့သလို ခံစားနေရပါတယ်။ အသင်းသားတွေအားလုံးလည်း အောင်မြင်မှုအတွက် ယုံကြည်မှုအပြည့်ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ 

၂၀၂၂-၂၀၂၃ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံနေသည့် မန်စီးတီးနှင့် အင်တာမီလန်အသင်းမှာ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲအဆင့်၌ ပထမဆုံးအကြိမ် တွေ့ဆုံနေခြင်းဖြစ်ပြီး ၎င်းတို့နှစ်သင်း ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို ဇွန် (၁၀) ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ Ataturk Olympic Stadium ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ချန်ပီ ယံလိဂ်ဖလားရရှိရန် အင်တာမီလန်ထက် အပြတ်အသတ်ရေပန်းစားနေကြောင်းလည်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments