မနေ့ ညက ကစားသွားတဲ့ ခါရာဘောင် ဖလား ဗိုလ်လုပွဲ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ နယူးကာဆယ် အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ချန်ပီယံ ဖြစ်လာခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် ကက်စမဲရိုး နဲ့ ရက်ဖိုဒ့် တို့က ဂိုးတွေ သွင်းပေးခဲ့ ကြပြီး ရက်ဖိုဒ့် ရဲ့ ဂိုးကိုတော့ ဆဗန် ဘော့မန်း ရဲ့ Own Goal အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ ပါတယ် ။

ဒီနိုင်ပွဲဟာ မန်ချက်စတာ ယူနိုက်တက် ကို ၂၀၁၇ နောက်ပိုင်း ပထမဆုံး ဆုဖလား ရယူနိုင်မှု ဖြစ်လာစေခဲ့ပြီး ၆ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ Super Sunday ပွဲစဉ် မှာတော့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ ချဲလ်ဆီး ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားသွားခဲ့ပါတယ် ။
စပါး အတွက် အိုလီဗာ စကစ် နဲ့ ဟယ်ရီကိန်း တို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြပြီး စပါး ဟာ နယူးကာဆယ် ကို ၄ မှတ်ခြားထား နိုင်ခဲ့ ပါတယ် ( နယူးကာဆယ် ၂ ပွဲကျန် )
အီတလီ စီးရီးအေ မှာတော့ အေစီမီလန် တို့ နိုင်ပွဲ ရရှိခဲ့ပြီး ဒဏ်ရာကနေ သက်သာလာတဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ဟာ အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည် ကစားပေးခဲ့ ပါတယ် ။
ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ အမှတ်ပေး ဖလားလုဘက် ယူနီယံ ဘာလင် ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ယူကာ အဆင့် ၁ နေရာကို ဆက်လက် သိမ်းပိုက်ထားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ဘိုင်ယန် နဲ့ ဒေါ့မွန် တို့ အမှတ်တူ ဂိုးကွာ အနေအထားနဲ့ ဆက်လက် အားပြိုင်နေပြီး ယူနီယံ ဘာလင် ကတော့ ၃ မှတ်အကွာကို ရောက်ရှိ သွားခဲ့ ပါတယ် ။
စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ အသင်းဟာ အယ်လ်မာရီယာ ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ နေရာက ရီးရဲမက်ဒရစ် ကို ၁၀ မှတ်မဖြတ် နိုင်ဘဲ ၇ မှတ်ကွာ အနေအထားကို ဖန်တီးပေးခဲ့ ပါတယ် ။
ဒါဟာ ဘာဆာ အတွက် တပတ် အတွင်းမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ် ။
ပြင်သစ်လီဂူးဝမ်း မှာတော့ PSG ဟာ အနီးကပ် ပြိုင်ဘက် မာဆေး ကို မက်ဆီ ၊ ဘာပေ တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ အတူ ၃-၀ ဆိုတဲ့ ရလဒ်ကို ယူဆောင်နိုင်ခဲ့ ပါတယ် ။ ဘာပေ နဲ့ မက်ဆီ တို့ဟာ အပြန်အလှန် ဖန်တီးမှုတွေ ပြုလုပ် ပေးခဲ့ကြတာဖြစ်ပြီး မက်ဆီ ဟာ ကလပ် ကစားသမား ဘဝမှာ သွင်းဂိုး ၇၀၀ ပြည့်မြောက် သွားခဲ့ ပါတယ် ။ ၂ ဂိုးသွင်းတဲ့ ဘာပေ က တော့ PSG သမိုင်းတလျောက် ဂိုးအများဆုံး သွင်းထားတဲ့ ကာဗာနီ ( ဂိုး ၂၀၀ ) ရဲ့ မှတ်တမ်းကို လိုက်မီ သွားခဲ့ ပါတယ် ။
ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ သူ့ရဲ့ အနာဂါတ် ဟာ သေချာမှု မရှိကြောင်း စပါး ကို ရှုံးနိမ့်တဲ့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ပြီး ကစားသမားတွေ ကတော့ အစွမ်းကုန် ပေးဆပ် ကြိုးစား ခဲ့ကြပါတယ်လို့ ကာကွယ်ပြောဆို သွားခဲ့ ပါတယ် ။
သည်းခြေအိတ် ခွဲစိုတ်ကုသထားပြီး အီတလီပြန်ကာ မိသားစုနဲ့အတူ နေထိုင်နေတဲ့ တော့တင်ဟမ် ဟော့စပါး နည်းပြကြီး အန်တိုနီယို ကွန်တီ ဟာ ဒီအပတ် ထဲမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းဖွယ် ရှိတယ်လို့ ယာယီ နည်းပြ စတယ်လီနီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
ဘရန့်ဖိုဒ့် ရဲ့ စပိန် ဂိုးသမား ဒေးဗစ် ရာယာ က သူဟာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု ၂ ကြိမ်ကို ငြင်းပယ်ချ ခဲ့တယ်လို့ ဖွင့်ဟပြောဆိုပြီး အပြောင်းအရွှေ့ သတင်းတွေကို လှုပ်ခါစေခဲ့ ပါတယ် ။
PSG ခံစစ်မှူး ကင်ပမ်ဘီ ကတော့ ဒဏ်ရာကြောင့် ရာသီကုန်တဲ့ အထိ အနားယူရတော့မယ်လို့ သိရှိရပါတယ် ။
အက်စတွန် ဗီလာ ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ညို ဟာလည်း အခုအပတ်ပွဲစဉ်က ဒဏ်ရာကြောင့် တလခန့် နားရမယ်လို့ နည်းပြ အမ်မရီ က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။






