မန်ယူအသင်းသည် ဖီအိုရင်တီနာအသင်း၏ကွင်းလယ်ကစားသမား အမ်မရာဘတ်ကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်သည်။ မော်ရိုကိုအသင်းကွင်းလယ်လူ အမ်မရာဘတ်ကို မန်ယူသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ခေါ်ယူလိုနေခြင်းဖြစ်သည်။ မန်ယူသည် အမ်မရာဘတ်ကို ခေါ်ယူရေးအဆင်မပြေခဲ့သဖြင့်သာ ဆာဘစ်ဇာကို အငှားဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အမ်မရာဘတ်ကို ခေါ်ယူရေးတွင် ပြောင်းရွှေ့ကြေးပေါင် ၂၂ သန်းဖြင့် မန်ယူနှင့် ဖီအိုရင်တီနာတို့အကြား သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်ဟု အီတလီမီဒီယာများက ဖော်ပြသည်။ ဖီအိုရင်တီနာသည် အမ်မရာဘတ်အသင်းပြောင်းမည်ကို လက်ခံထားပြီးဖြစ်ကာ ၎င်းနေရာတွင် အစားထိုးရန်လည်း စီစဉ်ထားကြောင်းသတင်းများက ဆက်လက်ဖော်ပြသည်။

အမ်မရာဘတ်ကို ခေါ်ယူနိုင်ခြင်းသည် မန်ယူ၏ကွင်းလယ် အထူးသဖြင့် ကွင်းလယ်ခံစစ်ပိုင်းကို အဓိကအားဖြည့်လိုက်နိုင်ခြင်း ဖြစ်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြသည်။ အမ်မရာဘတ်သည် မော်ရိုကိုလက်ရွေးစင်အသင်းအတွက်သာမကာ ဖီအိုရင်တီနာအသင်းအတွက်ပါ ခြေစွမ်းကောင်းများပြသထားနိုင်သည်။
မန်ယူအသင်း၏လူငယ်တောင်ပံကစားသမားအီလန်ဂါသည် ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းဖြင့် နော်တင်ဂမ်ဖောရက်စ်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ဖောရက်စ်နှင့် ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သော အီလန်ဂါသည် ယခုအပြောင်းအရွှေ့ကာလတွင် မန်နေဂျာကူးပါး၏ ဒုတိယမြောက်ခေါ်ယူသည့် ကစားသမားဖြစ်လာသည်။






