အင်္ဂလန်အသင်းခံစစ်မှူး မက်ဂွိုင်းယား၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ မန်ယူနှင့် ဝက်စ်ဟမ်းအသင်းနှစ်သင်းတို့ အကြားတွင် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၃၀ ခန့်ဖြစ်ပြီး ကစားသမားနှင့် ဝက်စ်ဟမ်းအသင်းအကြားပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိရေးမှာ ခဲယဉ်းသည့်ကိစ္စမဟုတ်ကြောင်းလည်း မီဒီယာများက ဆက်လက်ဖော်ပြသည်။
ဝက်စ်ဟမ်းသည် မက်ဂွိုင်းယားကို ရာသီသစ်အမီ ခေါ်ယူနိုင်မည်ဟု သဘောတူညီမှုရရှိရန် ယုံကြည်မှု ရှိနေပြီး အပြီးသတ်သဘောတူညီမှုရရှိရေးအတွက် ဆွေးနွေးညှိုနှိုင်းစရာများကျန်နေသေးကြောင်းသတင်းများက ဆက်လက်ဖော်ပြသည်။ ၂၀၁၉ တွင် လက်စတာမှ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့်ရောက်ရှိလာပြီးနောက်တွင် မန်ယူ၌ ၄ နှစ်ကြာကစားခဲ့သော မက်ဂွိုင်းယား၏ မန်ယူကစားသမားဘဝအဆုံးသတ်တစ်ခုမှာ နီးစပ်လာပြီဖြစ်ကြောင်းလည်း သတင်းများက ဆက်လက်ဖော်ပြသည်။

မက်ဂွိုင်းယားသည် အပြောင်းအရွှေ့အတွက်နီးစပ်နေပြီဖြစ်သော်လည်း မန်ယူတွင်ပုံမှန်အတိုင်းလေ့ကျင့်ရေးဆင်းနေပြီး ယနေ့ ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် ပုံမှန်အတိုင်းလေ့ကျင့်ရေးဆင်းနေသည်။ မက်ဂွိုင်းယားသည် တန်းဟက်၏အသင်းတွင် ပုံမှန်ကစားခွင့်မရပါက ဆောက်ဂိတ်၏ အင်္ဂလန်အသင်းတွင် ပုံမှန်နေရာရရှိရန် ခက်ခဲလာနိုင်ကြောင်း မန်နေဂျာဆောက်ဂိတ်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားသည်။






