ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာနေက ပြီးခဲ့သည့်ရာသီက အသင်းဖော် ဆာနေးအား ထိုးကြိတ်ခဲ့ခြင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် စိတ်ပျက်စရာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည့် မာနေသည် ပြီးခဲ့သည့်ဧပြီလက မန်စီးတီးအသင်းအား (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးတွင် အသင်းဖော် ဆာနေးကို ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

မာနေသည် ယင်းလုပ်ရပ်ကြောင့် (၁)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို၊ ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတွင် အကြီးဆုံးဒဏ်ကြေးအဖြစ် ပေါင် (၂၅၀၀၀၀) ဒဏ်တပ်ရိုက်ခံခဲ့ရသည်။
မန်စီးတီးအသင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် မာနေနှင့် ဆာနေးတို့သည် အချင်းများခဲ့ရာ မာနေ၏ထိုးကြိတ်မှုကြောင့် ဆာနေးမှာ နှုတ်ခမ်းကွဲခဲ့ရပြီး အသင်းဖော်များက ၎င်းတို့နှစ်ဦးကို ဖျန်ဖြေခဲ့ရကြောင်း သိရှိရသည်။

သို့သော် ၎င်းတို့ (၂)ဦးသည် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီး ဆာနေးက မာနေအား အသင်းမှ မထုတ်ပယ်ရန်ပင် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ယခုအခါ မွေးရပ်မြေ ဆီနီဂေါသို့ ရောက်ရှိနေသည့် မာနေက ယင်းပြဿနာကို ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ခြင်းဖြစ်သည်။
မာနေက ”အဲဒီဖြစ်ရပ်မျိုးတွေ ဖြစ်နိုင်ပါတယ်။ တကယ်လည်းဖြစ်ခဲ့တယ်။ ပြဿနာသေးသေးလေးတွေကို ကျွန်တော် ဖြေရှင်းနိုင်ပါတယ်။ တစ်ခါတလေမှာ ပြဿနာတွေကို ဖြေရှင်းတာက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖြေရှင်းခဲ့တဲ့နည်းလမ်းမျိုးတော့ မဟုတ်ပါဘူး။ အခုတော့ အဲဒီပြဿနာက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။






