ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းသည် ပြီးခဲ့သည့်ရာသီက ဘွန်ဒစ်လီဂါတွင် ဂိုးအများဆုံးသွင်းယူခဲ့သူနှစ်ဦး၏ သွင်းဂိုးအရေအတွက်ကို (၁၁)ပွဲကစားအပြီးမှာပင် ကျော်ဖြတ်နိုင်ခဲ့ပြီဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် ဘွန်ဒစ်လီဂါဂိုးသွင်းအများဆုံးဆုကို ဝါဒါဘရီမင်တိုက်စစ်မှူး ဖူးကရပ်နှင့် လိုက်ပ်ဇစ်တိုက်စစ်ကစားသမား အန်ကွန်ကူတို့က သွင်းဂိုး(၁၆)ဂိုးစီဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဟာရီကိန်းက (၁၁)ပွဲကစားအပြီးမှာပင် (၁၇)ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အဆိုပါကစားသမားနှစ်ဦးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင်သာမက ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင်ပါ တိုက်စစ်စံချိန်တင်များစွာ ရယူနေသူဖြစ်ပြီး ဘွန်ဒစ်လီဂါ(၁၁)ပွဲကစားပြီးချိန်၌ (၁၇)ဂိုးသွင်းယူနိုင်ခြင်းမှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးစွမ်းဆောင်နိုင်သည့်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် လျင်မြန်စွာအထိုင်ကျခဲ့ပြီး အံ့အားသင့်ဖွယ် ဂိုးသွင်းစွမ်းရည်ကို ပြသနေနိုင်သည့်အတွက် လီဝန်ဒေါစကီး၏ ဘွန်ဒစ်လီဂါဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်မည့်သူအဖြစ်လည်း ထင်ကြေးပေးခံနေရသည်။
ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း လီဝန်ဒေါစကီးသည် ၂၀၂၀-၂၁ ရာသီ၌ (၄၁)ဂိုး သွင်းယူခဲ့ပြီး ယင်းအရေအတွက်မှာ ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်နေသည်။
ယင်းရာသီ၌ လီဝန်ဒေါစကီးသည် ရာသီအဖွင့်(၁၁)ပွဲတွင် (၁၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ယခုဂိုးသွင်းနှုန်းအတိုင်းဆိုပါက ဟာရီကိန်းအနေဖြင့် လီဝန်ဒေါစကီး၏ စံချိန်ကို ချိုးဖျက်နိုင်ဖွယ်ရှိသည်ဟု ထင်ကြေးပေးခံရခြင်းဖြစ်သည်။






