မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာတော့ လန်ဒန် ကလပ်တွေ နိုင်ပွဲပျောက်ခဲ့ကြပြီး ဖူလ်ဟမ် တသင်းသာ အနိုင် ရရှိခဲ့ ပါတယ် ။ အဆင့် ၁ နေရာက အာဆင်နယ် ဟာ ဘရန့်ဖိုဒ့် နဲ့ ၁ ဂိုးစီ သရေကျခဲ့သလို ချဲလ်ဆီး ကလည်း လန်ဒန် ဒါဘီ မှာ ဝက်စ်ဟမ်း အသင်းနဲ့ ၁ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ ပါတယ် ။

ဖူလ်ဟမ် ကတော့ နော်တင်ဟမ် ဖောရက်စ် ကို ၂-၀ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။ တော့တင်ဟမ် ဟော့စပါး ကတော့ လက်စတာ စီးတီး ကို ကင်းပါဝါ မှာ ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ ပါတယ် ။
ဥရောပ ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ နယူးကာဆယ် ကလည်း ဘုန်းမောက် ကွင်းမှာ ၁ ဂိုးစီ သရေကျသွားခဲ့ ပါတယ် ။ ပဲလေ့စ် နဲ့ ဘရိုက်တန် လည်း ၁ ဂိုးစီ သရေကျခဲ့ပြီး မနေ့ တညတည်းမှာ ၁-၁ ပွဲ ၄ ပွဲ အထိ ပါရှိခဲ့ပါတယ် ။
ဝုဗ် ကတော့ ဆောက်သမ်တန် ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။
တော့တင်ဟမ် ဟော့စပါး လက်ထောက် နည်းပြ ခရစ်စတီယန် စတယ်လီနီ ဟာ လက်စတာ ကို ၄ ဂိုး ပြန်ပေးရပြီး ဂိုးပြတ် ရှုံးနိမ့်မှု အတွက် ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ ပါတယ် ။


အီတလီ စီးရီးအေမှာတော့ အေစီမီလန် ၊ ၊ အတ္တလန်တာ တို့ နိုင်ပွဲ ရခဲ့ကြပြီး ရိုးမား ကတော့ လက်ချီ ကို ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။
ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ အဝေးကွင်းမှာ မိုနာကို အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။ ဒါဟာ တပတ် အတွင်းမှာ PSG အတွက် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ ။

ဒါပေမယ့် လက်ရှိ အချိန်အထိတော့ PSG ဟာ ဒုတိယနေရာက မာဆေး နဲ့ ၅ မှတ်ကွာဟနေဆဲ ဖြစ်ပါတယ် ။
ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ၊ ဒေါ့မွန် တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြ သလို ယူနီယံ ဘာလင် ကလည်း အဝေးကွင်းမှာ လိုက်ပ်ဇစ် ကို အနိုင် ကစားပြီး အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့ ပါတယ် ။
လက်ရှိမှာတော့ ဘိုင်ယန် က ၄၃ မှတ် ၊ ယူနီယံ ဘာလင် က ၄၂ မှတ် ၊ ဒေါ့မွန် က ၄၀ မှတ်နဲ့ အကျိတ်အနယ် ယှဉ်ပြိုင် နေကြပါတယ် ။
ဘိုင်ယန်မြုးနစ် ကစားသမားကြီး သောမတ်စ် မူလာ ဟာ မနေ့ညက ပွဲမှာ ပါဝင် ကစားပြီး ဘိုင်ယန်သမိုင်းမှာ ဘွန်ဒစ်လီဂါ ပွဲအများဆုံး ကစားတဲ့ Outfield Player ( ဂိုးသမားမှ အပ ) ဖြစ်လာခဲ့တယ်လို့ ကြားသိရ ပါတယ် ။
စပါး နဲ့ ဗီလာ နည်းပြဟောင်း တင်ရှားဝုဒ် ကတော့ လက်စတာ ကို ၄ ဂိုးပေးပြီး ရှုံးနိမ့်တဲ့ စပါး အသင်းရဲ့ နောက်ခံလူသစ် ပက်ဒရို ပေါ်ရို ကို ဝေဖန် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ် ။
စပါး နောက်ခံလူ ရိုင်ယန် ဆစ်ဆဂ်နွန် ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်လောက် နားရနိုင်တယ်လို့လည်း သတင်း ရရှိပါတယ် ။
မန်ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကာတာ စီးပွားရေး ရင်းနှီးမြှပ်နှံမှု အဖွဲ့ဟာ UEFA ဆီကနေ ခွင့်ပြုချက် ရယူဖို့ ကြိုးစားနေပါတယ် ။ အဆိုပါ အဖွဲ့ဟာ PSG အသင်းကိုလည်း ပိုင်ဆိုင် ထားတာကြောင့် ပိုင်ရှင် တသင်းတည်းရဲ့ ကလပ် ၂ ခု ပြိုင်ပွဲ တခုတည်းမှာ မကစားရဘူးဆိုတဲ့ စည်းမျဉ်းကြောင့် ချန်ပီယံလိဂ်မှာ ယူနိုက်တက် ရော PSG ပါ ပါဝင်ခွင့် မရရှိနိုင်တဲ့ အနေအထားရှိနေတာကို ပြင်ဆင် နိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ကြားသိရပါတယ် ။
ကနေဒါ အမျိုးသမီး ဘောလုံးအသင်းဟာ သူတို့ ရဲ့ ဘက်ဂျက်ကို လျော့ချမှု ၊ အမျိုးသားအသင်းနဲ့ တန်းတူ ခံစားခွင့် ( လုပ်ခ အစရှိသည် ) မရရှိမှုတွေကြောင့် ဘောလုံးအဖွဲ့ချုပ်ကို ဆန္ဒပြနေကြပြီး ပွဲကစားခြင်း မပြုဖို့ ဆုံးဖြတ် ထားတယ်လို့ သိရပါတယ် ။
မော်ရိုကို နိုင်ငံမှာ ကျင်းပ နေတဲ့ ၂၀၂၃ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ဥရောပ ချန်ပီယံ ရီးရဲမက်ဒရစ် အသင်းဟာ အယ်ဟီလယ် အသင်းကို ၅-၃ နဲ့ အနိုင် ရရှိပြီး ကမ္ဘာ့ချန်ပီယံ အဖြစ် ဗိုလ်စွဲ သွားခဲ့ပါတယ် ခင်ဗျာ ။
ဒါဟာ ရီးရဲ အတွက် ၅ ကြိမ်မြောက် ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ် ။






