နာမည်ကျော် ၀ါရင့်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် လက်ရွေးစင်အသင်းအတွက် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း (၁၀)ဂိုးနှင့်အထက် သွင်းယူနိုင်မှု (၆)ကြိမ်မြောက်ရှိလာခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် လက်ချင်စတိန်းအသင်းအား (၁)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၁၀)ဂိုးသွင်း ယူထားနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာ ၎င်းအနေဖြင့် အသက်(၃၉)နှစ် ပြည့်လုနီးပါးရှိနေပြီဖြစ်သောကြောင့် ချီးကျူးဂုဏ်ပြုမှုများစွာလည်း ရရှိခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် အယ်လ်နာဆာအသင်းအတွက်လည်း (၃၆)ဂိုး သွင်းယူထားခြင်းကြောင့် ကလပ်အသင်းနှင့် လက်ရွေးစင်အသင်းနှစ်ခုပေါင်း (၄၆)ဂိုးအထိ သွင်းယူထားနိုင်ခြင်းလည်းဖြစ်သည်။
၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် စုစုပေါင်း(၈၆၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၁၂၈)ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။
စီရော်နယ်လ်ဒိုအနေဖြင့် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း (၁၀)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သည့် ခုနှစ်များမှာ ၂၀၁၃ ခုနှစ်တွင် (၁၀)ဂိုး၊ ၂၀၁၆ ခုနှစ်တွင် (၁၃)ဂိုး၊ ၂၀၁၇ ခုနှစ်တွင် (၁၁)ဂိုး၊ ၂၀၁၉ ခုနှစ်တွင် (၁၄)ဂိုး၊ ၂၀၂၁ ခုနှစ်တွင် (၁၃)ဂိုးနှင့် ယခု ၂၀၂၃ ခုနှစ်တွင် (၁၀)ဂိုးတို့ဖြစ်သည်။
၎င်း၏ မဟာပြိုင်ဘက်ဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာ ယခုနှစ်အတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဥရုဂွေးနှင့်ပွဲ မတိုင်မီ (၈)ဂိုးသာ သွင်းယူထားနိုင်သေးသလို၊ ကစားသမားဘဝတစ်လျှောက်တွင် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း (၁၀)ဂိုး နှင့်အထက် သွင်းယူနိုင်မှုမှာလည်း (၂)ကြိမ်သာ ရှိခဲ့ဖူးသေးကြောင်း သိရသည်။
မက်ဆီသည် ၂၀၁၂ ခုနှစ်တွင် (၁၂)ဂိုး နှင့် ၂၀၂၂ ခုနှစ်တွင် (၁၈)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
ပရိသတ်အချို့က စီရော်နယ်လ်ဒိုသည် သွင်းဂိုး (၁၀၀၀) ပြည့်မြောက်လိမ့်မည်ဟုလည်း မျှော်လင့်နေကြသည်။






