ချဲလ်ဆီးအသင်းသည် တနင်္ဂနွေနေ့ညတွင် အသင်း၏မန်နေဂျာ ဂရေဟမ်ပေါ်တာကို အလုပ်မှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ပေါ်တာသည် ချဲလ်ဆီးတွင် ၇ လသာ အလုပ်လုပ်ခဲ့ရပြီး ချဲလ်ဆီးသည် နောက်ဆုံးကစားသည့်ပွဲတွင် ဗီလာကို ၂-၀ ဖြင့်ရှုံးနိမ့်ကာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။
ပေါ်တာသည် ချဲလ်ဆီးအသင်းမန်နေဂျာအဖြစ် ၃၁ ပွဲကိုင်တွယ်ရာတွင် ၁၂ ပွဲသာအနိုင်ရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လက်ရှိအချိန်တွင် ပေါ်တာ၏နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သော ဘရူနိုဆော်လ်တာက ချဲလ်ဆီးအသင်းကို ယာယီမန်နေဂျာအဖြစ်ကိုင်တွယ်သွားရန် ရှိနေသည်။

“ချဲလ်ဆီးကလပ်အသင်းဝင်တွေအားလုံးအနေနဲ့ အသင်းအတွက် ဆောင်ရွက်ပေးသမျှ ကိစ္စအားလုံးအတွက် ပေါ်တာကို ကျေးဇူးတင်ပါတယ်။ ပုဂ္ဂိုလ်ရေးအနေနဲ့ရော မန်နေဂျာတစ်ဦးအနေနဲ့ပါ ပေါ်တာကို အများကြီးလေးစားပါတယ်။ အခုလိုဆုံးဖြတ်ခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ အသင်းရဲ့ပရိသတ်တွေနဲ့အတူယာယီမန်နေဂျာ ဘရူနိုဆော်လ်တာနဲ့အတူ ရာသီကုန်အထိရပ်တည်သွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ် ၁၀ ပွဲကစားဖို့ကျန်နေသေး သလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်လည်း ကစားဖို့ရှိပါတယ်။ ရာသီကုန်မှာ အဆင့်အမြင့်ဆုံးရပ်တည် သွားနိုင်အောင် လက်ကျန်ပွဲစဉ်တွေအားလုံးကို အာရုံစူးစိုက်မှုအပြည့် ကြိုးစားအားထုတ်မှု အပြည့်နဲ့ ကစားသွားမှာဖြစ်ပါတယ်”ဟု အသင်းပိုင်ရှင်ဘိုလီနှင့် အက်ဂ်ဘာလီတို့ကိုယ်စား ချဲလ်ဆီးအသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ပေါ်တာသည် ဘရိုက်တန်အသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ပေါ်တာကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ဘိုင်ယန်နည်းပြချုပ်ဟောင်းနာဂယ်စ်မန်းသည် ချဲလ်ဆီးအသင်းမန်နေဂျာဖြစ်လာရန် ရေပန်းစားလာသည်။ ချဲလ်ဆီးသည် နာဂယ်စ်မန်းကို အသင်း၏ မန်နေဂျာအဖြစ် ခန့်အပ်ရေးနှင့်ပတ်သက်၍ ကြားလူများမှ တဆင့်ဆက်သွယ်ကာ စတင်လှုပ်ရှားနေပြီဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်လာသည်။ သို့ရာတွင် အသက် ၃၅ နှစ်အရွယ်ရှိ ဂျာမန်လူမျိုးမန်နေဂျာကို ချက်ချင်းခေါ်ယူနိုင်ရန်မှာမူ ချဲလ်ဆီးအနေဖြင့် ခက်ခဲနိုင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။
ချဲလ်ဆီးအသင်းသားများသည် မန်နေဂျာပေါ်တာကို ရာထူးမှ ထုတ်ပယ်ခြင်းအား ကလပ်အသင်းက တရားဝင်ကြေညာမှသာလျှင်သိရှိခဲ့ရခြင်းဖြစ်ပြီး အားလုံးက အံ့အားသင့်ခဲ့ကြရကြောင်းသတင်းများက ဆက်လက်ဖော်ပြသည်။ ပေါ်တာသည် ယခုနှစ်ဘောလုံးရာသီတွင် ရာထူးမှ ထုတ်ပယ်ခံရသော ၁၃ ယောက်မြောက်ပရီးမီးယားလိဂ်မန်နေဂျာလည်း ဖြစ်လာခဲ့သည်။






