စီးရီးအေကလပ် ဘိုလော့ညာ အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ မာကိုအနာတိုဗစ်က သူဟာ နည်းပြ ဂျိုဆေးမော်ရင်ညိုရဲ့ ချည်းကပ်ဆက်သွယ်မှုကို ခံခဲ့ရပေမယ့်လည်း မန်ယူနိုက်တက်ကို ပေါလ်ပေါ့ဘာရဲ့ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့မှုကြောင့် အိုးထရပ်ဖို့ဒ်ကို မပြောင်းနိုင် ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ အနာတိုဗစ်ဟာ စတုတ်စီးတီး ဝက်ဟမ်း တို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ၆ နှစ်ကြာ ကျင်လည်ခဲ့သူ ဖြစ်ပြီး စုစုပေါင်း ၄၈ ဂိုး သွင်းယူခဲ့ပါတယ်။

ဩစတေးလျ လက်ရွေးစင်က မော်ရင်ညိုဟာ သူ့ကို မန်ချက်စတာယူနိုက်တက် အသင်းထံ ပြောင်းရွေ့ဖို့ ကိစ္စနဲ့ပက်သက်ပြီး ဆက်သွယ်ဆွေးနွေးမှု လုပ်ခဲ့တယ်လို့ ဖွင်ဟလိုက်ပြီး ၎င်းတို့နှစ်ဦးဟာ စီးရီးအေကလပ် အင်တာမီလန် အသင်းမှာ ခဏကြာ အတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အနာတိုဗစ်က မော်ရင်ညိုဟာ သူ့ကို ခေါ်ယူရန် တအားကို စိတ်အားထက်သန် နေခဲ့တယ်လို့ ဆိုလိုက်ပြီး ယူနိုက်တက်ဟာ အဲဒီမတိုင်မီ နွေရာသီ အပြောင်းအရွေ့ဈေးကွက်မှာ ပေါ့ဘာအတွက် စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၉ သန်းထိ သုံးစွဲခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့အတွက် ငွေကြေး မတက်နိုင်ခဲ့ဘူးလို့ ဆိုလိုက်ပါတယ် ။
အနာတိုဗစ်က “ကျနော် ဝက်ဟမ်းအတွက် ကစားပေးနေတဲ့ အချိန်မှာ ဂျိုးဆေးဟာ ကျနော့်ကို အလိုရှိခဲ့ပါတယ်။ သူက “မင်းကို ခေါ်ယူဖို့အတွက် ဘယ်လောက် ကုန်ကျနိုင်သလဲ?” လို့ ကျနော့်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် ကျနော့်ဘက်က “ဒီလိုပြောပုံအရ ခင်ဗျား ကျနော့်ကို အလိုရှိနေတုန်းပဲလား?” လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပေါ့ဘာ အတွက် ငွေကြေးများစွာ သုံးစွဲထားခဲ့တာကြောင့် ကျနော့်ကို ခေါ်ယူနိုင်ဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံ မရှိခဲ့ပါဘူး။” လို့ဆိုလိုက်ပါတယ်။

ပေါ့ဘာဟာ မန်ယူနိုက်တက်ကို ၂၀၁၆ နွေရာသီမှာ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း အိုးထရပ်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ နွေရာသီက အသင်းဟောင်း ယူဗင်တပ်ကို ဒုတိယအကြိမ်မြောက် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အနာတိုဗစ်ကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့တုန်းက မန်ယူနိုက်တက်က ခေါ်ယူရန် ချိတ်ဆက်မှုတွေ လုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုတွေကြောင့် တာဝန်ရှိသူတွေဟာ ဒီကိစ္စကို နောက်ဆုတ်ခဲ့ပါတယ်။
မန်ယူနိုက်တက်ကို မပြောင်းရွေ့ဖြစ်ခဲ့တဲ့ အပေါ် ၃၃ နှစ်အရွယ် တိုက်စစ်မှုးက “မန်ချက်စတာယူနိုက်တက် အသင်းဟာ ကျနော့်ကို အကြိမ်များစွာ ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ အီတလီမှာ ဆက်နေဖို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ရဲ့ မိသားစုဟာ အင်္ဂလန်ကို ပြန်ချင်နေလို့ ဖြစ်ပါတယ်။ ကျနော့်အတွက်ကတော့ သရဲနီတို့ဟာ top of the universe (ထိပ်ဆုံးအဆင့်) မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဘိုလော့ညာ ကတော့ နာမည်အားဖြင့် ဒီလို မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အိုကေပါတယ်။

ဒီနေရာမှာ အရာအားလုံးဟာ တည်တည်ငြိမ်ငြိမ်လေး ရှိနေပါတယ်။ ကိုယ့်ရဲ့ မိသားစု နဲ့ ကိုယ့်ကိုကိုယ် ပေးဖို့အတွက် အချိန်လည်း ရှိပါတယ်။ ဘာဖိအားမှ မရှိပါဘူး။ ဒါကလည်း ကျနော့်အတွက် ကောင်းတဲ့အရာ ဖြစ်ပါတယ်။” လို့ပြောသွားပါတယ်။
မန်ချက်စတာယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီက တိုက်စစ်မှုးသစ် ဝယ်ယူခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လက ခရစ်စတီယာနိုရော်နယ်ဒို ကလပ်ကနေ ထွက်ခွာသွားနောက် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိမှာ အက်သလက်တီကိုရဲ့ ယာအိုဖီးလစ် ၊ PSV ရဲ့ ကိုဒီဂတ်ပို ၊ လီယွန်ရဲ့ မူဆာဒမ်ဘီလီ စတဲ့ ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။






