ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းသည် ကမ္ဘာကျော်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Adidas နှင့် ပေါင်သန်း (၉၀၀) တန်ကြေးရှိသည့် ဝတ်စုံစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ (၁၀)နှစ်ဖြစ်ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် ယင်းသဘောတူစာချုပ်အရ Adidas နှင့် ၂၀၃၅ ခုနှစ်အထိ လက်တွဲသွားရမည်ဖြစ်ပြီး တစ်ရာသီပျမ်းမျှ ပေါင်သန်း (၉၀) ရရှိမည်ဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် တစ်ရာသီပျမ်းမျှ တန်ကြေးအမြင့်ဆုံး ဝတ်စုံစပွန်ဆာစာချုပ်အဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာလည်း နာမည်ကျော် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Nike နှင့် ပေါင်သန်း (၉၀၀)တန် စပွန်ဆာစာချုပ်ကို ၂၀၁၆ ခုနှစ်က ချုပ်ဆိုခဲ့ဖူးသော်လည်း စာချုပ်သက်တမ်း မှာ (၁၅)နှစ်သက်တမ်းဖြစ်သဖြင့် တစ်ရာသီပျမ်းမျှအနေဖြင့် မန်ယူအသင်းထက် နည်းပါးခဲ့ကြောင်းလည်း သိရှိရ သည်။
ထို့ပြင် မန်ယူအသင်း၏ မူလ(၁၀)နှစ်စာချုပ်မှာ ၂၀၂၅ ခုနှစ်အထိ ဖြစ်သဖြင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ယင်း(၁၀)နှစ်စာချုပ်အတွက် တန်ကြေးမှာ ပေါင် သန်း (၇၅၀) သာရှိခဲ့သည်။
ယင်းအတွက်ကြောင့် မန်ယူအသင်းသည် ယခင်စာချုပ်ဟောင်းထက် စာချုပ်တန်ကြေး ပိုမိုမြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

မန်ယူအသင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည့် ရစ်ချတ်အာနိုးလ်က ”မန်ယူနိုက်တက်အသင်းနဲ့ Adidas တို့ကြားက ဆက်ဆံရေးကောင်းက အားကစားသမိုင်းမှာကို အထင်ကရ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပြီး ”ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက စတင်ခဲ့တာပါ။ ဒီဘက်နှစ်တွေအထိ ကျွန်တော်တို့ကြားက ဆက်ဆံရေးကောင်းကို အမြဲတည်ဆောက်နိုင်ခဲ့ပါတယ်။ Adidas ဟာ နည်းပညာပိုင်းအရရော၊ ဆန်းသစ်တီထွင်မှုအပို်င်းမှာပါ အထင်ကရ မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပြီး သူတို့နဲ့ ဆက်ဆံရေးကောင်းကို ထိန်းထားနိုင်တဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Adidas နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့သည် ၁၉၈၀ မှ ၁၉၉၂ ခုနှစ်အထိ ဝတ်စုံစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လက်တွဲလုပ်ဆောင်မှု ရပ်ဆိုင်းသွားခဲ့ကာ ၂၀၁၅ ခုနှစ်ကမှ တစ်ကျော့ပြန်လက်တွဲခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ (၁၀)နှစ် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ယခုသဘောတူညီမှုတွင် ပေါင်သန်း (၉၀၀)မှာ အနည်းဆုံး ရရှိနိုင်သည့်ပမာဏဖြစ်ပြီး ယခုထက် ပိုမိုနိုင်သည့် အခြေအနေအချို့လည်း ရှိနေသေးသည်ဟု သိရှိရသည်။






