မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း လူး၀စ်ဆာဟာက ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီး ကနေ မန်ယူနိုက်တက်ကို ငွေကြေးများစွာနဲ့ ပြောင်းရွေ့လာခဲ့ပြီးနောက် အိုးထရပ်ဖို့ဒ်မှာ ဘာတစ်ခုမှ လုပ်ပြနိုင်ခြင်း မရှိသေးဘဲ ရုန်းကန်နေရတဲ့ မေဆင်မောင့် အပေါ် ဝေဖန်မှုတွေ သိပ်မရှိတဲ့ အပေါ် နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။
မောင့်ဟာ ဒီရာသီ မန်ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်လည်း ပျောက်ဆုံးနေသလို ကစားခွင့်ရတဲ့ အချိန်တွေမှာလည်း ခြေစွမ်းမပြနိုင်ဘဲ ဖြစ်နေပြီး ဆာဟာက အန်တိုနီ ရပ်ဖို့ဒ် တို့အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် မောင့်အပေါ် ဒါမျိုး လုပ်တာ မမြင်ရတဲ့အပေါ် နားလည်လို့ မရဖြစ်နေပါတယ်။

လူး၀စ်ဆာဟာက “မေဆင်မောင့်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ကာကွယ်မှုတွေများ ရှိနေသလား? မေဆင်ဟာ ဒီအသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်သင့်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သက်ရောက်မှုကို ဘယ်သူမှ နားမလည်နိုင်ပါဘူး။ မန်ယူနိုက်တက် ကစားသမား ဘ၀ ၆ လတာ ကာလအတွင်းမှာ အန်တိုနီဟာ ဝေဖန်မှုတွေ အပြင်းအထန် ရထားပြီး ဖြစ်ပါတယ်။
မေဆင်မောင့် ကောင်းကောင်း မကစားပေမယ့် ဘာကြောင့် လူတိုင်းက ဝေဖန်မှု မလုပ်ဘဲ လွှတ်ထားတာလဲ? အန်တိုနီဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးသူလည်း မဟုတ်ပါဘူး။ ဒ့ါကြောင့် အန်တိုနီလို ဝေဖန်မှုမျိုးတွေ မေဆင်မောင့် အပေါ် ဘာကြောင့် မလုပ်ကြတာလဲ? ကျနော် ဒါကို နားလည်လို့ မရပါဘူး။

မေဆင်မောင့်ကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲဆိုတာ မသိသေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကွင်းလယ်ဗဟိုမှာ သူ့ကို ကစားခိုင်းတဲ့ အခါ သူဟာ နေရာလွတ်တွေကို ကာကွယ်ရမယ့် အစား ရှေ့ကို တအား လိုက်ပါကစားပါတယ်။ ကျနော် သူ့ရဲ့ position ကို နားမလည်ပါဘူး။ သူ့အနေနဲ့ ပေါလ်စခိုးလ် လုပ်ခဲ့သလိုမျိုးပဲ နောက်ကျမှ ပင်နယ်တီဧရိယာထဲ၀င်ပြီး ဂိုးသွင်းဖို့ အားထုတ်တာမျိုး လုပ်ရမှာပါ။ သူ့မှာ ဒီလို စွမ်းရည်ရှိတယ်လို့ ကျနော် မမြင်မိပါဘူး။
မေဆင်မောင့်ဟာ မန်ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်သင့်ပါတယ်။ ရပ်ဖို့ဒ် ဒါမှမဟုတ် အန်တိုနီ တို့လိုမျိုးပေါ့။ ဒါ့ကြောင့် ဒီကစားသမား ၂ ဦးက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရနေပြီး ကစားပုံ မကောင်းတဲ့ မေဆင်မောင့်က ဝေဖန်မှု သိပ်မခံရသလဲဆိုတာ ကျနော် နားလည်လို့ မရပါဘူး။ သူဟာ ဂိုးလည်း မသွင်းသလို ဖန်တီးမှုလည်း မလုပ်ပါဘူး။ ဘယ်သူမှ ဒါနဲ့ပက်သက်ပြီး မပြောကြပါဘူး။ ကျနော် ဒါကို နားလည်လို့ မရပါဘူး။” လို့ ဆိုလိုက်ပါတယ်။






