မက်ဆီသည် လက်ရှိဘောလုံးရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပီအက်စ်ဂျီအသင်းကို စွန့်ခွာမည်ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်ကို လွန်ခဲ့သည့်တစ်လလောက်ကတည်းက ၎င်း၏ဖခင်နှင့် အေးဂျင့် ဖြစ်သူ ဂျော့ခ်မက်ဆီက အသင်းကို အသိပေးထားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည်။ မက်ဆီသည် ပြင်သစ်ကလပ်အသင်းကို စွန့်ခွာမည်မှာ သံသယဖြစ်စရာမရှိကြောင်း အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ ရိုမာနိုက ဖော်ပြသည်။ ဂျော့ချ်က ပီအက်စ်ဂျီကို မက်ဆီအနေဖြင့် စာချုပ်သက်တမ်းမတိုးတော့ဟု လွန်ခဲ့သောလ ကတည်းက ထုတ်ပြောခဲ့ခြင်းဖြစ်ကြောင်း ရိုမာနိုက ဖော်ပြသည်။

မက်ဆီက ထိုသို့ထုတ်ပြောပြီးနောက် ၎င်းနှင့် ပီအက်စ်ဂျီကလပ်အသင်းကြားထဲတွင် ဆက်ဆံရေးအေးခဲသွားသည်။ မက်ဆီသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ကလပ်အသင်း၏ ခွင့်ပြုချက်မရဘဲ ဆော်ဒီသို့ သွားခဲ့ခြင်းကြောင့် ပီအက်စ်ဂျီအသင်းက နှစ်ပတ်ကြာပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။
မက်ဆီသည်ဆော်ဒီနှင့် စီးပွားရေးဆိုင်ရာသဘောတူညီမှုရယူထားခြင်းများ ယခင်ကတည်းက ရှိနေခဲ့ပြီး တစ်နှစ်လျှင် ပေါင် ၂၅ သန်းဖြင့် ဆော်ဒီခရီးသွားလုပ်ငန်း၏ သံတမန်အဖြစ်ဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုထားသည်။

မက်ဆီသည် ပီအက်စ်ဂျီကို စွန့်ခွာပြီးနောက်မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ဆိုသည်မှာ မသေချာသော်လည်း အသင်းဟောင်းဘာစီလိုနာကမူ ၎င်းကို ခေါ်ယူနိုင်ရေးအတွက် အပြင်းအထန်ကြိုးပမ်းနေသည်။ ထို့ပြင် ဘက်ဟမ်း၏ အင်တာမိုင်ယာမီအသင်းကလည်း မက်ဆီကို ချိတ်ဆက်နေသည်။






