မကြာသေးခင်ကမှ ချဲလ်ဆီး အသင်းရဲ့ တရားဝင် နည်းပြသစ် ဖြစ်လာတဲ့ မော်ရစ်စီယို ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ယူဗင်တပ်စ်ကနေ အငှားနဲ့ ရောက်လာတဲ့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဒင်းနစ် ဇာကာရိုင်းယားနဲ့ အက်သလက်တီကိုကနေ အငှားနဲ့ ရောက်လာတဲ့ ပေါ်တူဂီ လက်ရွေးစင် နောက်ချန်တိုက်စစ်မှူး ဂျိုဝေါင် ဖဲလစ်တို့ကို အပြီးသတ် မခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။
ဒီအတွက်ကြောင့် ဒီကစားသမား ၂ဦးဟာ လာမယ့် ဇူလိုင်လ တရက်နေ့မှာ သက်ဆိုင်ရာ မိခင်ကလပ်တွေဆီကို အသီးသီး ပြန်ရတော့မှာ ဖြစ်ပါတယ် ။ ဇာကာရိုင်းယားဟာ တရာသီလုံးမှ ချဲလ်ဆီး အတွက် လက်ချိုးရေလို့ ရတဲ့ ပွဲအရေအတွက်သာ ကစားခဲ့ရပေမယ့် ၊ ဖဲလစ်ကတော့ ဒုတိယရာသီဝက်မှာ ခြေစွမ်း အသင့်အတင့် ပြနိုင်ခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ် တချို့က ၄င်းကို အခုလို လက်လွှတ်ရလို့ နှမြောတာတွေ ရှိခဲ့ကြပါတယ် ။

ဒီမတိုင်ခင် နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာတောင် ဖဲလစ်က သူဟာ ချဲလ်ဆီးနဲ့ လန်ဒန်မှာ ပျော်ရွှင်နေကြောင်း ပြောခဲ့ဖူးပေမယ့် ၊ ပိုချက်တီနို ကိုယ်တိုင်က အနာဂတ် အစီအစဉ်မှာ မထည့်သွင်းဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။
သို့ပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့ အသင်းမှာ ကစားချင်တာကြောင့် ဖဲလစ် အတွက် အက်သလက်တီကိုဆီ ပြန်ရတာက ထွေထွေထူးထူး ပြဿနာ ရှိမယ့်ပုံ မပေါ်ပါဘူး ။ အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီကတော့ ပိုချက်တီနို ဖဲလစ်ကို အပြီးသတ် မခေါ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် တုန့်ပြန်ဖြေကြားရင်း ၊ သူနဲ့ ဖဲလစ်အကြားမှာ အရင်ကတည်းက ဘာပြဿနာမှ မရှိခဲ့ဘူးလို့လည်း ရှင်းလင်းခဲ့ပါတယ် ။

ဆီမြွန်နီ က ” ဂျိုဝေါင်ဟာ အက်သလက်တီကို ကစားသမား တယောက် ဖြစ်ပြီး ၊ ချဲလ်ဆီးရဲ့ အနာဂတ်မှာ သူ့အတွက် နေရာ တနေရာ မရှိဘူးဆိုရင် ပိုချက်တီနိုလည်း ဒါကို ပြောခဲ့ပြီးလောက်ပြီဆိုတော့ သူဟာ အက်သလက်တီကိုဆီ ပြန်ကိုပြန်လာရပါတော့မယ် ။ သူဟာ ကျွန်တော်တို့နဲ့ တဖန် အလုပ် အတူတူ ပြန်လုပ်ရပါတော့မယ် ။ ”
” ကျွန်တော်တို့ကတော့ ကိုယ်ယုံကြည်ထားတဲ့ နည်းလမ်းတွေနဲ့ သူ့အတွက် တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေမယ့် အရာတွေကို အကောင်းဆုံး ကူညီပံ့ပိုးပေးသွားမှာပါ ။ သူဟာ အရည်အသွေးကောင်း အများကြီး ရှိတဲ့ အနေအထား တရပ်ကို ပိုင်ဆိုင်ထားပါတယ် ။ သူဟာ ခေါင်းတိုက် ဂိုးသွင်းနိုင်သလို ၊ ဘယ်ခြေညာခြေ ၂ဖက်လုံးနဲ့ ကောင်းကောင်း ဂိုးသွင်းနိုင်ပါတယ် ။ ”

” သူ ဖြစ်ချင်တဲ့ ပုံစံမျိုး သူ ဖြစ်လာပါလိမ့်မယ် ။ ဒါဟာ ပွဲတပွဲမှာ ပြသနေတဲ့ အမှန်တရား တရပ် ဖြစ်ပါတယ် ။ ကျွန်တော်ဟာ ဘယ်အသင်းသားနဲ့မှ ပြဿနာ မရှိပါဘူး ။ ကျွန်တော်ဟာ ကိုယ့်အမြင်ကို လူတိုင်းရှေ့ ချပြသလို ၊ သဘောထား ပွင့်ပွင့်လင်းလင်း ရှိပါတယ် ။ ”
” ဂျိုဝေါင် ကျွန်တော်တို့ဆီ ပြန်လာတာက ကလပ်အတွက် ဘဏ္ဍာရေး အရ အဆင်ပြေပါ့မလား ဆိုတာ တချက် စောင့်ကြည့်ရပါဦးမယ် ။ ဒါက ကျွန်တော် ဝင်ရှုပ်ရမယ့် ကိစ္စတော့ မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တသင်းလုံးကိုက ပိုပြီး မူမမှန် ဖြစ်ခဲ့တာပါ ။ ဂျိုဝေါင်ကြောင့် အသင်းက ကစားပုံ မကောင်းဘူးလို့ ပြောရင် လိမ်ရင်ကျမှာ ဖြစ်သလို ၊ သူ့အတွက်လည်း မျှတမှု မရှိပါဘူး ။ ”
” အခုတော့ အသင်းက ကစားပုံ ကောင်းနေပါပြီ ။ ဘာလို့လဲဆိုတော့ သူတို့ အားလုံး တပြေးတည်း ကစားနေကြလို့ပါ ။ အကယ်၍ ဂျိုဝေါင်သာ ရှိနေခဲ့ရင်လည်း သူဟာ ဒီကစားကွက်မှာ အံဝင်ခဲ့ပါလ်ိမ့်မယ် ။ သူလည်း ဒီအသင်းမှာ ကောင်းကောင်းကစားနေခဲ့မှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






