ဘူဘာရို ဆာကာ ကတော့ ဒီရာသီမှာ အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ပိုဖြစ်ချင်တယ်လို့ ဆိုလိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီမနက်မှာ ပေါ်တို အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ယူပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ လက်ရှိမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး လာမယ့် မတ်လ ၃၁ ရက်နေ့မှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း နဲ့ အရေးပါတဲ့ ပွဲ ကစားရဖို့ ရှိနေပါတယ်။ ပေါ်တို အသင်း ကို အနိုင် ရတဲ့ ပွဲအပြီး ဂန်းနား ဂန္တဝင် အွန်နရီ က ပရီးမီးယားလိဂ် လား ချန်ပီယံလိဂ်လား .. ဘယ်ပြိုင်ပွဲမှာ ချန်ပီယံ ပိုဖြစ်ချင်သလဲ လို့ ဆာကာ ကို မေးမြန်း ခဲ့ပါတယ် ။

ဆာကာ ကတော့ အွန်နရီ ရဲ့မေးခွန်းကို ” Wow ၊ ကျနော့် အထင် ကျနော် နှစ်ခုစလုံး လိုချင်တယ်လို့ ပြောခွင့်တော့ ပေးမှာ မဟုတ်လောက်ဘူး ထင်ပါတယ် ။ တစ်ခုပဲ ရွေးရမယ်ဆိုရင် ဒီရာသီမှာ ပရီးမီးယားလိဂ် ကို ပိုပြီး ရယူ ချင်ပါတယ် ၊ ဒါပေမဲ့ ကျနော် နှစ်ခုစလုံး လိုချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ၂၀၀၃-၀၄ ခုနှစ် နောက်ပိုင်းကတည်းက ပရီးမီယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာ နေခဲ့တာ ဖြစ်ပြီး အခုဆို ဆယ်စုနှစ် နှစ်ခုကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ မနှစ်က ချန်ပီယံဆု နဲ့ နီးစပ်ခဲ့ပြီး ရာသီကုန်ခါနီးမှာ ခြေချော် သွားခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ် ခဲ့ရတာ ဖြစ်ပါတယ် ။






