ဘုန်းမောက် – ဘရိုက်တန် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၁၅ နာရီ)
ဘုန်းမောက်အသင်းက အိမ်ကွင်းမှာ အမှတ်တွေ ရသလောက်စုရင်း တန်းဆင်းဇုန်က အလွတ်ရုန်းဖို့ ကြိုးစားနေတာ တွေ့ရတယ်။ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဖူလ်ဟမ်ကို စိတ်ဓာတ်နဲ့ အနိုင်ကစားသွားခဲ့တာ တွေ့ရတယ်။ ဒစ်ဇယ်ဘီရဲ့ဘရိုက်တန်က သူ့အပေါ်မှ ရှိနေတဲ့ နယူးကာဆယ်၊ စပါးတို့ကို အမီလိုက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဘရန်ု့ဖို့ဒ်နဲ့ပွဲမှာ နိုင်သင့်လျက်နဲ့ သရေကျခဲဲ့တာလည်း နစ်နာပါတယ်။ ဒီပွဲတော့ ဘရိုက်တန်ကို ကြိုက်တယ်။

လိဒ်စ် – နော်တင်ဟမ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၁၅ နာရီ)
လိဒ်စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့တယ်ဆ်ုိပေမဲ့ ဒီပွဲမတိုင်ခင်ရလဒ်တွေကို ကြည့်ရင် ကျေနပ်စရာလို့ ပြောရမယ်။ ဝုလ်ဗ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပြီး ဘရိုက်တန်ကိုလည်း သရေကစားခဲ့တယ်။ ဒီပွဲတွေမှာ မြင်ရတာက လိဒ်စ်အသင်းရဲ့ တိုက်စစ်ကစားပုံဖြစ်ပြီး ဂိုးရဖို့အတွက် စိတ်ချရတယ်။ နော်တင်ဟမ်ဖောရက်စ်က အိမ်ကွင်းပဲ အမှတ်စုဖို့ ကြိုးစားရမယ့်အသင်းပါ။ ဒီပွဲမှာတော့ လိဒ်စ်အသင်း အနိုင်ရလိမ့်မယ်။

လက်စတာ – အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၁၅ နာရီ)
လက်စတာက ကစားသမားကောင်းတွေရှိပေမဲ့ ရလဒ်တွေက စိတ်ပျက်စရာပါ။ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး ရှေ့ဆက်အမှားခံလို့မရတဲ့ အခြေအနေလည်း ဖြစ်တယ်။ အက်စတွန်ဗီလာက ချယ်လ်ဆီးကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက် ပိုရှိလာတယ်။ ကစားသမားအင်အား သိပ်မကွာပေမဲ့ အက်စတွန်ဗီီလာ ကစားတာက ပိုကောင်းပါတယ်။ ဗီလာကို ကြိုက်တယ်။

ချယ်လ်ဆီး – လီဗာပူးလ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၃၀ နာရီ)
ဒီပွဲကနေ Positive Result ထွက်လာဖို့ နှစ်သင်းစလုံးအတွက် အရေးကြီးတယ်။ ချယ်လ်ဆီးက အိမ်ကွင်းမှာ အဲဗာတန်ကို သရေကျခဲ့ပြီးနောက် အက်စတွန်ဗီလာကို ထပ်ရှုံးတယ်။ အခုလည်း လီဗာပူးလ်ကို အိမ်ကွင်းမှာပဲ ဆက်ကစားရဦးမှာဖြစ်ပြီး နိုင်ပွဲမရရင် အိမ်ကွင်း (၃)ပွဲဆက် နိုင်ပွဲပျောက်သွားလိမ့်မယ်။ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်က နောက်ဆုံးပွဲမှာ မန်စီးတီးကို ရှုံးခဲဲ့တယ်။ ဒီပွဲမတိုင်ခင်မှာလည်း ဘုန်းမောက်ကို ရှုံးထားသေးတယ်။ ဒီတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထပ်ရှုံးရင်း (၃)ပွဲဆက် အရှုံးရလဒ် ဖြစ်လာမှာဖြစ်တယ်။ သရေရလဒ်ဆိုရင်တော့ လီဗာပူးလ်အတွက် မဆိုဘူးလို့ ပြောနိုင်သလို၊ ချယ်လ်ဆီးအတွက်လည်း မဆိုးဘူးလို့ ပြောနိုင်တယ်။ လီဗာပူးလ်က အခုအချိန်အထိ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရေးရေးတော့ ရှိနေပါသေးတယ်။ ချယ်လ်ဆီးကတော့ လီဗာပူးလ်ထက် တစ်ပွဲပိုသလို၊ (၄)မှတ်လည်း လျော့နေတယ်။ ချယ်လ်ဆီး သရေ၊ အနိုင်ဆိုရင် နှစ်သင်းစလုံး ခက်သွားမယ်ထင်တယ်။ ဒါပေမဲ့ သရေပဲကျသွားလိမ့်မယ်။







