Wednesday, January 14, 2026
spot_img
spot_img

ပရီးမီးယားလိဂ်၌ နှစ်အစ(၈)ပွဲဆက်တိုက် အနိုင်ရရှိသည့် စတုတ္ထမြောက်အသင်းအဖြစ် အာဆင်နယ် မှတ်တမ်းဝင်ခဲ့ပြီး ယခင်(၃)သင်းစလုံး ရာသီကုန်တွင် ချန်ပီယံဆုရရှိခဲ့

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်း၌ နှစ်အစ (၈)ပွဲဆက်တိုက် အနိုင်ရရှိသည့် စတုတ္ထမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခင်က (၈)ပွဲဆက်အနိုင်ရရှိခဲ့သည့် (၃)သင်းစလုံးမှာ ရာသီကုန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ၂၀၂၃ ဒီဇင်ဘာလအတွင်းတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရှုံးပွဲ(၃)ပွဲ ကြုံတွေ့သည်အထိ ယိမ်းယိုင်ခဲ့သော်လည်း ၂၀၂၄ ဇန်နဝါရီမှစ၍ နိုင်ပွဲများ ဆက်တိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း၌ ခရစ္စတယ်ပဲလေ့စ်၊ နော်တင်ဟမ်ဖောရက်စ်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဘန်လေ၊ နယူးကာဆယ်၊ ရှက်ဖီးယူနိုက်တက်နှင့် ဘရန့်ဖို့ဒ်အသင်း တို့ကို (၈)ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းမတိုင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပြက္ခဒိန်နှစ်တစ်နှစ်၏အစတွင် (၈)ပွဲဆက်တိုက် အနိုင်ရရှိသည့်အသင်း (၃)သင်းသာရှိခဲ့ဖူးပြီး မန်ယူ၊ လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့ဖြစ်သည်။

မန်ယူအသင်းသည် ၂၀၀၉ ခုနှစ်၌ နှစ်အစ (၉)ပွဲဆက်အထိ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၂၀၀၈-၀၉ ရာသီတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းက ၂၀၂၀ ခုနှစ်၌ နှစ်အစ (၈)ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၂၀၁၉-၂၀ ရာသီတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။

မန်စီးတီးအသင်းက ၂၀၂၁ ခုနှစ်၌ နှစ်အစ(၁၃)ပွဲဆက်အထိ အနိုင်ရရှိခဲ့ပြီး အဆိုပါ ၂၀၂၀-၂၁ ရာသီတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်များ၏ အစဉ်အလာကောင်းနှင့် နှိုင်းယှဉ်စောင့်ကြည့်ခံနေရပြီ ဖြစ်သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီတွင် နောက်ဆုံးရရှိခဲ့ခြင်းဖြစ်သောကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာနေခဲ့သည်မှာ နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်သည်။

အာဆင်နယ်အသင်းသည် လာမည့်ပရီးမီးယားလိဂ် ပွဲစဉ်(၃၀)တွင် ချန်ပီယံပြေးလမ်းပေါ်မှ အဓိကပြိုင်ဘက် အသင်းတစ်သင်းဖြစ်သည့် လက်ရှိချန်ပီယံမန်စီးတီးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် နိုင်ပွဲများ ဆက်တိုက်ရယူနိုင်ခဲ့သော်လည်း ဂိုးပြတ်နိုင်ပွဲများ ရယူနေရာမှ ဘရန့်ဖို့ဒ်နှင့်ပွဲတွင် နိုင်ပွဲရရှိရန် ရုန်းကန်ခဲ့ရသည့်အတွက် မန်စီးတီးနှင့် အဝေးကွင်းပွဲစဉ်၌ စွမ်းဆောင်ရည်ကောင်းပြနိုင်ရန် လိုအပ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments