ဘရန့်ဖို့ဒ် နှင့် စပါး (မြန်မာစံတော်ချိန် တနင်္လာည ရးဝ၀ နာရီ)
လန်ဒန်အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တယ်။ စပါးအသင်းမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ ကစားခဲ့တဲ့ ကစားသမားတချို့ လွဲချော်နိုင်တယ်။ ဘရန့်ဖို့ဒ်က ကမ္ဘာ့ဖလား မတိုင်ခင်မှာ အာဆင်နယ်ကို ရှုံးခဲ့တာကလွဲရင် ပွဲတော်တော်များများကို မရှုံးအောင်ကစားနိုင်ခဲ့တာတွေ့ရတယ်။ စပါးကတော့ ဂိုးတွေလည်း ဆက်တိုက်ပေးနေရတယ်။ ဂိုးတွေလည်း သွင်းနိုင်တဲ့အသင်းမျိုးပါ။ စပါး ကပ်နိုင်ဖို့များတယ်။
အဲဗာတန် နှင့် ဝုလ်ဗ် (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

လမ်းပတ်ရဲ့ အဲဗာတန်က ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆက်တိုက်ဆိုးနေပြီး ကမ္ဘာ့ဖလားကာလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာတော့ မဆိုးဘူးလို့ ပြောရမယ်။ ဝုလ်ဗ်အသင်းကလည်း စိတ်ပျက်စရာ Form နဲ့ ဖြတ်သန်းနေတဲ့အသင်းပါ။ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆက်တို်က်ဆိုးနေတယ်။ ကစားပုံကတော့ အဲဗာတန်ထက်ကောင်းတယ်။ ဒါပေမဲ့ အဲဗာတန်ကွင်းဖြစ်နေလို့ အဲဗာတန်ကို ကြိုက်တယ်။
လက်စတာ နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

ကမ္ဘာ့ဖလားကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရပ်သွားခြင်းက တချို့အသင်းတွေအတွက် ကျနေတဲ့အရှိန် ရပ်တန့်သွားတာမျိုး ဖြစ်သွားနိုင်ပေမဲ့ နယူးကာဆယ်လို Rhythm မှန်နေတဲ့အသင်းမျိုးအတွက်ကျတော့ နစ်နာတယ်။ လက်စတာကလည်း တဖြည်းဖြည်း ပုံစံပြန်မှန်လာတဲ့အသင်းဖြစ်တယ်။ အဝေးကွင်းမှာ နယူးကာဆယ် ခက်ခက်ခဲခဲကစားရမယ်။ သရေကျသွားနိုင်တဲ့ပွဲပါ။
ဆောက်သမ်တန် နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

ဘရိုက်တန်က ကမ္ဘာ့ဖလားမတိုင်ခင်ကလေးမှာ ချယ်လ်ဆီးကို ဂိုးပြတ်နိုင်၊ ဝုလ်ဗ်ကို အပြန်အလှန်ဂိုးတွေနဲ့ နိုင်ခဲ့ပြီး အူနိုင်းအမ်မရီရဲ့ ဗီလာကိုတော့ ရှုံးသွားတယ်။ အသင်းလိုက်ခြေစွမ်းက ပုံမှန်နီးပါးတော့ ပြန်ဖြစ်လာတာတွေ့ရတယ်။ ဒီပွဲမှာ အာဂျင်တီးနားနဲ့အတူခြေစွမ်းပြခဲ့တဲ့ မက်အယ်လစ္စတာ မပါနိုင်တာ ဘရိုက်တန်အတွက် အားနည်းသွားတယ်။ ဒါပေမဲ့ ဘရိုက်တန် မရှုံးအောင် ကစားနိုင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် နှင့် ဖူလ်ဟမ် (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

ဒီပွဲလည်း လန်ဒန်အသင်းနှစ်သင်းရဲ့ပွဲစဉ်ပဲ။ နှစ်သင်းစလုံးရဲ့ ကစားပုံက ကောင်းတယ်။ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေကို အများကြီးပို်င်ဆိုင်ထားတယ်။ ဖူလ်ဟမ်က ကစားဟန်ပိုကောင်းပြီး ပဲလေ့စ်က ပေါက်ကွဲအားကောင်းတယ်။ ပိုပြီး မာကျောတယ်။ ပဲလေ့စ်အိမ်ကွင်းမှာ လိစ်ဒ်၊ ဝုလ်ဗ်၊ ဆောက်သမ်တန်တို့ကို ပရီးမီးယားလိဂ်နိုင်ပွဲ ဆက်ခဲ့တယ်။ ပဲလေ့စ်ကို ပိုကြိုက်တယ်။
အက်စတွန်ဗီလာ နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)

ဂျရတ်နဲ့ လီဗာပူးလ်တို့ ထိပ်တိုက်ပြန်တွေ့တဲ့ပွဲဖြစ်မယ့်အစား ဂျရတ်ရာထူးက အထုတ်ခံလိုက်ရလို့ အူနိုင်းအမ်မရီနဲ့ ကလော့ပ် ပြန်တွေ့တဲ့ပွဲဖြစ်တယ်။ ဗီလာက မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်လို အသင်းကောင်းတွေကို ဆက်တိုက်နိုင်ထားခဲ့ပြီးမှ က မ္ဘာ့ဖလားကြောင့် ရပ်သွားတာဖြစ်တယ်။ လီဗာပူးလ်ကလည်း နိုင်ပွဲတွေပြန်ဆက်လာပါတယ်။ ဒီပွဲမှာ အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ လီဗာပူးလ် ကပ်နိုင်ဖို့များတယ်။
အာဆင်နယ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

အာဆင်နယ်အသင်းက (၂) ရက်နောက်ကျပြီးမှကစားမယ့် မန်စီးတီးကြောင့် ဒီပွဲမှာသာ နိုင်ပွဲယူနိုင်ရင် မန်စီးတီးအသင်းကို (၈)မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်တယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ကာတာ အနားပေးရက်တွေမတိုင်ခင်က ပုံစံကို ထိန်းထားနိုင်ရင် အာဆင်နယ်အတွက် အရမ်းအခက်အခဲမရှိနိုင်ဘူး။ ရာသီကြိုခြေစမ်းပွဲတွေမှာ လိုင်ယွန်နဲ့ အေစီမီလန်တို့ကို အနိုင်ကစားထားပြီး အိမ်ကွင်းမှာ ဂျူဗင်တပ်စ်ကိုတော့ ရှုံးထားတယ်။ ဒါပေမဲ့ လူမစုံသေးတဲ့အနေအထားမှာ ကစားခဲ့တဲ့ပွဲတွေ ကနေ ဘာကိုမှ အသေတွက်လို့မရဘူး။ ဝက်စ်ဟမ်းကလည်း ကြားထဲမှာ ပွဲအနည်းငယ်ကစားခဲ့ပြီး သာမန်ပါပဲ။ အာတီတာအတွက် ခေါင်းခဲစရာက ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ထားပေမဲ့ (၂၇) မိနစ်ပဲကစားခဲ့ရတဲ့ ဆာလီဘာကို သုံး၊ မသုံးဆိုတဲ့ အပိုင်းပါ။ သုံးမယ်ထင်တယ်။ အာဆင်နယ် နိုင်ပွဲယူနိုင်မှာပါ။






