Tuesday, January 20, 2026
spot_img
spot_img

ပရီးမီးယားလိဂ်တွင် Spending Cup စနစ်ကျင့်သုံးရန် ၁၆ သင်း သဘောတူခဲ့ပြီး မန်ယူ၊ မန်စီးတီးနှင့် ဗီလာအသင်း ကန့်ကွက်မဲပေး

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသုံးစရိတ်ကန့်သတ်သည့်စည်းမျဉ်း (Spending Cup) ကို ကျင့်သုံးရန်အတွက် ပြိုင်ပွဲဝင်အသင်းများအား ဆန္ဒမဲကောက်ခံရာတွင် အသင်း ၁၆ သင်းက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။

မန်ယူ၊ မန်စီးတီးနှင့် အက်စတွန်ဗီလာ အသင်းများက ကန့်ကွက်မဲပေးခဲ့ပြီး ချယ်လ်ဆီးသင်းကမူ ကြားနေခဲ့သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်ရှိအချိန်၌ အသုံးပြုနေသော ဘဏ္ဍာရေးကန့်သတ်မှုစည်းမျဉ်း (PSR) မှာ အငြင်းပွားဖွယ်ရာများ၊ အားနည်း ချက်များ ရှိနေသည်ဟု ဝေဖန်ထောက်ပြမှုများ မြင့်တက်လာသည့်အတွက် အဆိုပါစည်းမျဉ်းနေရာ၌ အသုံးစရိတ်ကန့်သတ်မှုစည်းမျဉ်းကို အစားထိုးအသုံးပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိစည်းမျဉ်းမှာ ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် သုံးရာသီစာကာလအတွင်း ပေါင် ၁၀၅ သန်းထက်ပို၍ အရှုံးပေါ်ခဲ့ပါက အရေးယူအပြစ်ပေးခံရမည် ဖြစ်သည်။ ယခုရာသီတွင် စည်းမျဉ်းဖောက်ဖျက်မှုကြောင့် အဲဗာတန်အသင်းက ရှစ်မှတ် လျှော့ပြစ်ဒဏ်၊ နော်တင်ဟမ်ဖောရက်စ် အသင်းက လေးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသည်။ လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းမှာ ဝင်ငွေကောင်းသည့် ကလပ်အသင်းများကို အခွင့်အရေးပိုပေးထားသလိုဖြစ်နေခဲ့ပြီး မျှတမှုမရှိဟု ဝေဖန်ပြစ်တင်မှုများ ရှိလာသည့်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အပြောင်းအလဲပြုလုပ်ရန် စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။ 

လာမည့်ဇွန်လတွင် ပြုလုပ်မည့် ပရီးမီးယားလိဂ်နှစ်ချုပ်အထွေထွေအစည်းအဝေးတွင် Spending Cup စနစ် ကျင့်သုံးမည့်ပုံစံကို ကလပ်အသင်းများထံ ချပြသွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅-၂၆ ရာသီမှစတင်ကာ လက်ရှိ PSR စည်းမျဉ်းနေရာတွင် အစားထိုး မည်ဖြစ်ကြောင်း သိရသည်။ 

လစာငွေကန့်သတ်မှု စည်းမျဉ်းသစ်မှာ ကလပ်အသင်းများ အနေဖြင့် ကစားသမားများနှင့် အသင်းဝန် ထမ်းများ၏ လစာငွေ၊ အပြောင်းအရွှေ့အသုံးစရိတ်၊ အေးဂျင့်များအတွက် ပေးချေရမည့်ငွေကြေးကို အသင်းဝင်ငွေ၏ ၈၅ ရာခိုင်နှုန်းအထိသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါစည်းမျဉ်းအရ အသင်းငယ်များအနေဖြင့် ငွေကြေးသုံးစွဲမှု ပိုမိုရရှိလာမည်ဖြစ်ပြီး ကစားသမားများအား လစာငွေမြင့်မားစွာ ပေးချေနေသည့် ကလပ်အသင်းအချို့အတွက်မူ အသုံးစရိတ်ကို လျှော့ချရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments