ဘာစီလိုနာအသင်းသည် စပိန်ကွင်းလယ်ကစားသမား ပတ်ဒရီကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ပတ်ဒရီ(၂၂ နှစ်)သည် ၂၀၂၀ ခုနှစ်တွင် လက်စ်ပါမားစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို(၅)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ဘာစီလိုနာအသင်းက ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။
ဘာစီလိုနာအသင်းက ၎င်းကို ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်ထည့်သွင်းကာ စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ပတ်ဒရီသည် လူငယ်ကစားသမားတစ်ဦးသာဖြစ်သော်လည်း လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည့်အတွက် ဘာစီလိုနာအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပတ်ဒရီကို ခေါ်ယူရန် ဆော်ဒီကလပ်အသင်းများကလည်း ပစ်မှတ်ထားခဲ့ကြပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၅၀)ဖြင့် ကမ်းလှမ်းရန်ပင် စီစဉ်နေကြောင်းလည်း သတင်းထွက်ခဲ့သည်။
ပတ်ဒရီကမူ ဘာစီလိုနာအသင်းတွင် ကာလရှည်ဆက်ရှိပြီး ဆုဖလားအောင်ပွဲများစွာ ရယူသွားလိုကြောင်း ပြောကြားခဲ့သည်။






