မနေ့ညပိုင်းက ပြင်သစ် အခြေစိုက် RMC Sport သတင်းဌာနရဲ့ အဆိုအရ ချဲလ်ဆီး အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ ဘရာဇီး လက်ရွေးစင် တောင်ပံကစားသမား နေမာကို ခေါ်ယူဖို့ ထောက်လှမ်းမေးမြန်းမှုတွေ စတင် ပြုလုပ်နေပြီလို့ သိခဲ့ရပါတယ် ။
ပီအက်စ်ဂျီကလည်း ယင်းဘရာဇီး စူပါစတားကို ဒီနွေတတွင်း ထုတ်ရောင်းချင်နေကာ ၊ ပေါင်သန်း ၆၀ကနေ ၇၀ အတွင်း ကမ်းလှမ်းမှု တခုခု ရခဲ့ရင် လက်ခံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ယူဆရပါတယ် ။
ဒါပေမယ့် ပီအက်စ်ဂျီမှာ နေမာနဲ့ အတူ လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ လက်ရှိ ချဲလ်ဆီး နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုကတော့ ယင်းဘရာဇီးဝါရင့်ကို ပရီးမီးယားလိဂ်သို့ ခေါ်ဆောင်ဖို့ စိတ်ဝင်စားမှု လုံးဝ မရှိကြောင်း Evening Standard ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာက ယနေ့ညကနေကပဲ ဖော်ပြထားပါတယ် ။

အသက် ၃၀နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ နေမာဟာ ပီအက်စ်ဂျီမှာ တပတ်လုပ်ခ ပေါင် ၆သိန်း အထိ ရရှိနေကာ ၊ ၄င်းကို ခေါ်ယူမယ့် အင်အားကြီး အသင်းတွေ အတွက် ဘဏ္ဍာရေးစည်းမျဉ်းအရ အတိုင်းအတာ တရပ် အထိ အကြပ်တွေ့စေနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။
ဒါ့အပြင် နေမာဟာ အမေရိကန် ပိုင်ရှင်သစ်တွေ လက်ထက် ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ ပေါ်လစီ ၊ ရေရှည် ပရောဂျက်တွေနဲ့ ကိုက်ညီမှု ရှိလောက်မှာ မဟုတ်ဘူး ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ် ။
ပိုချက်တီနိုဟာ ဒီနွေတတွင်း အပြောင်းအရွှေ့ ကိစ္စတွေမှာ အားကစားဒါရိုက်တာ ၂ဦး ဖြစ်တဲ့ လောရန့် စတူးဝပ် ၊ ပေါလ်ဝင်စတန်လေတို့နဲ့ အနီးကပ် အလုပ်လုပ်နေတာ ဖြစ်လို့ ၊ သူ့ရဲ့ အတွေးအမြင်တွေမှာ ချဲလ်ဆီးရဲ့ ကစားဟန် ၊ အနာဂတ် စီမံကိန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့ ခေါ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ် ။

တဖက်မှာ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ခရစ်တီယာနို ရော်နယ်ဒိုကို ခေါ်ဖို့ နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ လွန်ဆွဲခဲ့တဲ့ အခြေအနေမျိုး အရောက်ခံမှာ မဟုတ်ပဲ ၊ လက်ရှိ နည်းပြ ပိုချက်တီနိုရဲ့ အလိုဆန္ဒ အတိုင်းသာ ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေပါတယ် ။
ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ ကောလဟလတွေ ထွက်ခဲ့သော်ငြားလည်း ၊ နေမာဟာ ဘာစီလိုနာသို့ ဒုတိယအကြိမ် ပြောင်းရွှေ့ဖို့ကိုသာ စိတ်ထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် နေမာသာ အသင်းပြောင်းဖြစ်ခဲ့ရင်လည်း စျေးကွက် ပိတ်သိမ်းခါနီး ကာလ အထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ် ။
နေမာ မတိုင်ခင် ပီအက်စ်ဂျီက ပြင်သစ် လက်ရွေးစင် စူပါစတား ကီလီယန် အမ်ဘတ်ပေနဲ့ ချဲလ်ဆီး အကြား အပြောင်းအရွှေ့ ခန့်မှန်းချက်သဲ့သဲ့ ထွက်လာခဲ့ပေမယ့် ၊ ချဲလ်ဆီး သတင်းအရင်းအမြစ်တွေကတော့ ပဲရစ်ကထွက်ဖို့ သေချာနေတဲ့ အမ်ဘတ်ပေကိုလည်း ခေါ်မှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ် ။






