မန်ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ၊ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် နဲ့ နယူးကာဆယ် ဂိုးသမား နစ်ပုပ် တို့ဟာ ဒဏ်ရာ အသီးသီး အကြောင်းပြပြီး အင်္ဂလန် အသင်းရဲ့ ယူရို ခြေစစ်ပွဲ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့ ပါတယ် ။
အင်္ဂလန် ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ကို အီတလီ အသင်းနဲ့ စတင် ကစားပြီး ဖွင့်လှစ်မှာ ဖြစ်ကာ ဒုတိယ ပွဲစဉ်မှာတော့ ယူကရိန်း အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။
ဘိုင်ယန်မြုးနစ် စတားလေး မူစီယာလာ ဟာလည်း ပေါင်ခြံ ဒဏ်ရာကြောင့် ဂျာမနီ အသင်းရဲ့ ခြေစမ်းပွဲ တွေ ကစားမယ့် လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့တယ်လို့ သိရပါတယ် ။

ပဲလေ့စ် နည်းပြဟောင်းကြီး ရွိုင်းဟော့ဆန် ဟာ ပက်ထရစ် ဗီယာရာ ကို ထုတ်ပယ်လိုက်တဲ့ ပဲလေ့စ် ကို ပြန်လည် ကိုင်တွယ်တော့မယ်လို့ သိရပါတယ် ။ ပဲလေ့စ် ဟာ ရွိုင်းဟော့ဆန် ရဲ့ နေရာကို ဗီယာရာ နဲ့ အစားထိုးခဲ့တာ ဖြစ်ပြီး ယခု တဖန် ဗီယာရာ ရဲ့ နေရာကို ဟော့ဆန် နဲ ပြန်လည် အစားထိုးတော့မှာပဲ ဖြစ်ပါတယ် ။
နာပိုလီ အသင်းဟာ စပါး ကနေ အငှား ခေါ်ယူထားတဲ့ အန်ဒွန်ဘီလီ ကို အပြီးသတ် ဝယ်ယူမှာ မဟုတ်ဘဲ ရာသီ အကုန်မှာ စပါးထံ ပြန်လည် စေလွှတ်မယ်လို့ သိရပါတယ် ။
စပါး ဥက္ကဌ လီဗိုင်း ကတော့ နည်းပြ အန်တိုနီယို ကွန်တီ ကို ထုတ်ပယ်ဖို့ စတင် ပြင်ဆင် နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဘရိုက်တန် အသင်း အကြီးအကဲ ပေါလ် ဘာဘာ က သူ့ အနေနဲ့ မန်ယူနိုက်တက် က ဘရိုက်တန် ကွင်းလယ်လူ မီတိုမာ ကို လာရောက် ကင်းထောက်မှု နဲ့ ပတ်သက်ပြီး စိုးရိမ်မှု မရှိခဲ့ကြောင်း ပြောဆိုခဲ့သလို လာမယ့် နွေရာသီ မှာတော့ ပုံစံကောင်းရနေတဲ့ ဂျပန် လက်ရွေးစင် ကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။
နယူးကာဆယ် အသင်းကတော့ လက်စတာ ကွင်းလယ်လူ မက်ဒီဆင် နဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး တို့ကို နွေရာသီ ပစ်မှတ်တွေ အဖြစ် စာရင်း ထည့်သွင်းထားကြောင်း သိရပါတယ် ။
ချဲလ်ဆီး အသင်းဟာ အသင်းရဲ့ သက်တမ်းရင့် ဝန်ထမ်း ၂ ယောက် ဖြစ်တဲ့ ကွင်းမြက်ခင်း ထိန်းသိမ်း စောင့်ရှောက်ရေး အကြီးအကဲ နဲ့ အဆိုပါသူ ရဲ့ သားဖြစ်သူ တို့ကို နှစ်ဦးနှစ်ဘက် သဘောတူ လမ်းခွဲလိုက်တယ်လို့ သတင်း ကြားသိရ ပါတယ် ။
စပိန် လာလီဂါ ကလပ် ဆီဗီးလား အသင်းဟာ နည်းပြ ဆမ်ပါအိုလီ ကို ထုတ်ပယ် လိုက်တယ်လို့ သိရပါတယ် ။ ဆမ်ပါအိုလီ ဟာ အောက်တိုဘာ လကမှ ဆီဗီးလား နည်းပြ ဖြစ်လာခဲ့သူ ဖြစ်ပြီး လက်ရှိ မှာတော့ ဟိုဆေး လူးဝစ် မန်ဒယ်ဘား က နည်းပြသစ် အဖြစ် တာဝန်ယူ ကိုင်တွယ် သွားမယ်လို့ သိရှိရ ပါတယ် ။
အယ်လ်နက်ဆာ မှာ ကစားနေတဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ပေါ်တူဂီ အသင်း နဲ့ ယူရို ခြေစစ်ပွဲတွေ ပါဝင် ကစားဖို့ လက်ရွေးစင် အသင်း လေ့ကျင့်ရေးကွင်းကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။
ပေါ်တူဂီ ဟာ လီချင်စတိန်း ၊ လူဆင်ဘာ့ဂ် တို့နဲ့ ယူရို ခြေစစ်ပွဲတွေ အဖြစ် ယှဉ်ပြိုင် ကစားရမှာပါ ။
ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ် ရဲ့ FA Cup ကွာတားဖိုင်နယ် ပွဲစဉ် က ကွင်းလယ်ဒိုင် ခရစ် ကာဗာနတ် အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ဟာ အင်္ဂလိပ် ဘောလုံးအသိုင်းအဝိုင်းမှာ ပွဲဆူနေစေခဲ့ ပါတယ် ။
အစီအစဉ် တင်ဆက် သုံးသပ်သူတွေ က မီထရိုဗစ် ကို စံနမူနာ အနေနဲ့ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချျမှတ်ဖို့ တိုက်တွန်း ပြောဆို နေကြပြီး ဒိုင်လူကြီးဟောင်း ကတ်တလန်ဘတ် ကလည်း ချဲလ်ဆီး ကွင်းလယ်လူဟောင်း မီခေးလ် ဟာ သူ့ကို ခြေထောက်ချိုးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပေမယ့် ၃ ပွဲသာ ပယ်ခံခဲ့ရကြောင်း နဲ့ ဒီလို ကိစ္စမျိုးတွေ မဖြစ်လာအောင် စံပြ အနေနဲ့ ပွဲပယ်ပေးသင့်တယ်လို့ အကြံပြု သွားခဲ့ ပါတယ် ။
လောလောဆယ် မှာတော့ FA ဟာ ဖူလ်ဟမ် အသင်းကို ဒဏ်ငွေ ပေးဆောင်စေဖို့ စွဲချက်တင် ထားပြီး မီထရိုဗစ် ရဲ့ ကိစ္စ အတွက် ဒိုင်လူကြီး ကာဗာနတ် ရဲ့ အစီရင်ခံစာ ကို စောင့်ဆိုင်း နေတယ်လို့ သိရှိရ ပါတယ် ။
PSV နဲ့ ဆီဗီးလား တို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် မှာ ဆီဗီးလား ဂိုးသမား ဒီမီထရော့ဗ် ကို ကွင်းထဲအထိ ပြေးဝင်ကာ တိုက်ခိုက် ခဲ့တဲ့ ပရိသတ် တယောက် ကတော့ ထောင် ၃ လ ကျခံ ရတော့မှာ ဖြစ်ပြီး နှစ်ပေါင်း ၄၀ ကြာအောင် ကွင်းတွင်းဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ် ။






