မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်အနေဖြင့် ဒဏ်ရာပြဿ နာကြောင့် နိုင်ငံတကာရက်သတ္တပတ်ပြီးဆုံးချိန်အထိ အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။

အသက် (၂၉) နှစ်ရှိပြီဖြစ်သည့် အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျွန်စတုန်းစ်သည် ရာသီကြိုကာလတွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ် ပြီး မန်စီးတီးအသင်း၏ ရာသီအစပွဲစဉ် နှစ်ပွဲကိုလည်း လွဲချော်ခဲ့သည်။
၎င်းအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်ကာလပြီးဆုံးချိန်မှသာ ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း ဂွါဒီယိုလာက အတည်ပြုခဲ့သောကြောင့် သြဂုတ် (၂၇) ရက်တွင် ရှက်ဖီးယူနိုက်တက် (အဝေးကွင်း)၊ စက်တင်ဘာ (၂) ရက်တွင် ဖူလ်ဟမ် (အိမ်ကွင်း) တို့နှင့်ပွဲစဉ်များကို ထပ်မံလွဲချော်မည်ဖြစ်သည်။

စက်တင်ဘာလ နိုင်ငံတကာရက်သတ္တပတ်ကို (၄) ရက်မှ (၁၂) ရက်အထိ သတ်မှတ်ထားသည်။ မန်စီးတီးအသင်းသည် အဓိက ကစားသမားတစ်ဦးဖြစ်သည့် ကီဗင်ဒီဘရိုင်းနားကိုလည်း အရွတ်ဒဏ်ရာကြောင့် လက်လွှတ်ဆုံးရှုံးထားရပြီး ဒီဘရိုင်းနားသည် (၅) လအထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။






