Wednesday, January 14, 2026
spot_img
spot_img

နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ရောင်းချရန် အစီအစဉ်မရှိဟု ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာဆိုခဲ့ပြီး ကစားသမားဘဝမှ အနားမယူမီ နူးကမ့်သို့ မက်ဆီပြန်လာရန် မျှော်လင့်ထားကြောင်း ပြောကြား

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မန်ယူအသင်း၏ ပစ်မှတ်ကစားသမားဖြစ်သည့် နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ရောင်းချရန် အစီအစဉ်မရှိကြောင်း နှင့် ကစားသမားဘဝမှ အနားမယူမီ နူးကမ့်သို့ မက်ဆီပြန်လာရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ဒီယွန်း (၂၅ နှစ်) ကို မန်ယူအသင်းက ပြီးခဲ့သည့်နွေရာသီတွင် ခေါ်ယူနိုင်ရန် နီးစပ်ခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့လိုခြင်းမရှိသဖြင့် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုမိုကျပ်တည်းလာ သဖြင့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ၎င်းအား ထွက်ခွာခွင့်ပြုရဖွယ်ရှိနေခြင်းဖြစ်သည်။

အသင်း၏ ကိုယ်ပိုင်ရုပ်သံဖြစ်သည့် Barca TV နှင့် တွေ့ဆုံစဉ် လာပေါ်တာက “ကျွန်တော် ဖရန်ကီဒီယွန်းကို ဘယ်တုန်းကမှ မရောင်းချင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အဓိကကျတဲ့သူတစ်ယောက်ဖြစ်လို့ပါ။ သူက ငယ်ရွယ်ပြီး ထူးချွန်တဲ့ အရည်အသွေးရှိတဲ့တစ်ယောက်ပါ။ သူက အသင်းရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီတောင် ပြောလို့ရပါတယ်” ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူနိုင်ရန်အတွက် အသင်း၏ ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရသော်လည်း ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများအရ ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေရဆဲဖြစ်သည်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်း ကြယ်ပွင့်တိုက်စစ်မှူး မူကိုကိုအပါ အဝင် ထိပ်တန်းကြယ်ပွင့်ကစားသမားများ ကို စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း လာပေါ်တာကမူ မည်သည့် အပြောင်းအရွှေ့မျှ ပြုလုပ်နိုင်ဖွယ်မရှိကြောင်း ဝန်ခံပြောကြားထားသည်။

သို့သော် လာပေါ်တာက အာဂျင်တီးနားအသင်းနှင့် ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိခဲ့သည့် အသင်းခေါင်းဆောင်ဟောင်း မက်ဆီအား အနားမယူမီ နူးကမ့်သို့ ပြန်လာစေချင်သည့်ဆန္ဒ ရှိနေသေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“မက်ဆီက လက်ရှိမှာ PSG ကစားသမားဖြစ်ပြီး သူတို့နဲ့ စာချုပ်ချုပ်ထားတာပါ။ သူက ကမ္ဘာ့ဖလားချန်ပီယံဆုရခဲ့ပြီး အရမ်းလည်းပျော်နေပါတယ်။ အခုအချိန်မှာ ကျွန်တော်မလုပ်ချင်တဲ့အရာက အရမ်းခက်ခဲတဲ့ မျှော်လင့်ချက်တွေကို မပေးချင်တာပါ။ သူက ကျွန်တော်တို့အတွက် ထာဝရအကောင်းဆုံးကစားသမားပါ။ သူ့ရဲ့နှလုံးသားထဲမှာ သူက ကတ်တလန်သားတစ်ယောက်ဆိုပြီး မှတ်ယူထားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တစ်နေ့နေ့မှာ သူပြန်လာဖို့ မျှော်လင့်ပါတယ်။ ကစားသမားအနေနဲ့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေပေါ့” ဟု လာပေါ်တာက ဆိုသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments