ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် နယူးကာဆယ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားဖို့ ရှိပါတယ် ။ ဒီပွဲမှာတော့ ပြီးခဲ့တဲ့ နွေရာသီတုန်းက လိုက်ပ်ဇစ်ကနေ ပြောင်းလာတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူ ချဲလ်ဆီး အတွက် ဒီရာသီ ပွဲဦးထွက် စတင် ကစားနိုင်ဖွယ် ရှိပါတယ် ။
အန်ကွန်ကူဟာ ရာသီကြို ကာလမှာ အတော်လေး ခြေစွမ်းပြခဲ့ပြီး ၊ ဒေါ့မွန်နဲ့ အပိတ် ခြေစမ်းပွဲမှာ ကာလရှည် ဒဏ်ရာ ရသွားလို့ နားခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့က ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲမှာတော့ အန်ကွန်ကူဟာ ဒီရာသီ ပထမဆုံး အကြိမ် အသင်းလူစာရင်းမှာ စတင် ပါဝင်လာခဲ့ပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အန်ကွန်ကူ ဘယ်နှမိနစ်လောက် စတင်ကစာပေးနိုင်မလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ခရစ်တော့ဖ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ပွဲက ကစားသမားစာရင်းမှာ ပါခဲ့ပါတယ် ။ လာမယ့်ပွဲမှာလည်း အဲလိုပဲ ထပ်ပါပါဦးမယ် ။ ဒီနေ့ သူ ကောင်းကောင်းလေ့ကျင့်နေပါတယ် ။ လာမယ့်ပွဲမှာ သူ မိနစ် တချို့ စတင် ပါဝင်ကစားရဖို့ အလားအလာရှိနိုင်ပါတယ် ။ ”

” ဟုတ်ပါတယ် ။ ကျွန်တော်တို့ သူ့အတွက် မှန်ကန်တဲ့ အချိန်အခါ တရပ်ကို စောင့်နေပါတယ် ။ အမှန်က ကျွန်တော်တို့ ရှက်ဖီးလ်နဲ့ ပွဲမှာ ၂ – ၀ နဲ့ နိုင်နေခဲ့တာကြောင့် သူ့ကို အရဲစွန့် မသုံးဖို့ ဆုံးဖြတ်ခဲ့တာပါ ။ ဒီနေ့ရော သူ့အခြေအနေ ကျွန်တော် ဘယ်လိုမြင်လဲ ? သူ မိနစ် ၂၀လောက် ကစားပေးနိုင်ခြေ ရှိတယ်လို့ ကျွန်တော် ခင်ဗျားကို ပြောနိုင်ပါတယ် ။ ”
” ရှက်ဖီးလ်နဲ့ ပွဲမတိုင်ခင်ကတော့ သူ ပြန်ကစားဖို့ကို ကျွန်တော် ၁% ၊ ၂%လောက် သံသယ ဝင်မိပါတယ် ။ ဒါကြောင့် ကျွန်တော် သူ့ကို အရဲစွန့် မသုံးဖို့ ဆုံးဖြတ်ခဲ့တာပါ ။ ဒီလို ပုံစံနဲ့ပဲ သူ့ကို ဖြေရှင်းခဲ့ရပါတယ် ။ သူ့ကို ရာနှုန်းပြည့် ကြံ့ခိုင်စေချင်ပါတယ် ။ ၁%လောက် သံသယ ကျွန်တော် ရှိခဲ့ရင် … ။ ”
” သွေးပူ ပြန်လုပ်နိုင်တာနဲ့ ကစားသမားစာရင်းမှာ ပြန်ပါနေတာက သူ့အတွက် ကောင်းနေပါပြီ ။ ဒါက အံ့သြဖွယ်ပါ ။ ကိုယ့်စိတ်မှာ မှန်ကန်တဲ့ အခိုက်အတန့် မဟုတ်မှန်း သိသိလျက်နဲ့ ၂-၀ နဲ့ နိုင်နေတဲ့ အချိန် ဘာလို့ သူ့ကို ကျွန်တော် အရဲစွန့် သုံးခဲ့မှာလဲ ? ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က ” ကျွန်တော် စိတ်ပူတာက သူ့ကို ဖိအား အလွန်အမင်း ပေးမိမှာနဲ့ ရောက်ရောက်ချင်း သူက ကျွန်တော်တို့အတွက် ပွဲတိုင်း အနိုင်ရအောင် ကစားပေးမယ် ၊ အရာရာ ပြောင်းလဲပေးမယ် ဆိုတဲ့ မျှော်မှန်းချက်တွေ များနေမှာ စိုးတာပါ ။ ”
” ဒီလိုမျိုးလည်း ဖြစ်လာမယ်လို့ ကျွန်တော် မယုံကြည်ပါဘူး ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ အရင်လို ခံစားချက်မျိုး ပြန်လည်ရှာတွေ့ဖို့ အချိန် လိုနေသေးလို့ပါ ။ မနက်ဖြန် ပွဲကနေ ဒါတွေ စတင်နိုင်ဖို့ ၊ ဟက်ထရစ် သွင်းကောင်းသွင်းပြီး ၊ အဲဒီကနေ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ် ။”
” အရေးကြီးဆုံးအရာက သူ့ကို ဖိအား အရမ်း မပေးဖို့ပါ ။ သူဟာ အသင်းမှာ သူ့နေရာသူ ရှာနိုင်ဖို့ လိုပါတယ် ၊ ၃ ၊ ၄လကြာ လေ့ကျင့်မှု ဝေးကွာနေတဲ့ အသင်းမှာ သူ အထိုင်ကျဖို့ အချိန် လိုပါတယ် ။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ပေးဖို့ လိုပါတယ် ။ ”
” သူဟာ ခုထိ ပရီးမီးယားလိဂ် ပွဲဦးထွက် မကစားရသေးပါဘူး ။ ပရီးမီးယားလိဂ်ဟာ တခြားအပြင်က လိဂ်တလိဂ်က ပြောင်းလာတဲ့ ကစားသမား တယောက် အတွက် ဘယ်လောက်ထိ ခက်ခဲလဲ ဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






