Tuesday, January 20, 2026
spot_img
spot_img

နည်းပြလောကသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသော်လည်း မှားယွင်းသည့် ဆုံးဖြတ်ချက် မဖြစ်ချင်ဟု ရိုးမားနည်းပြဟောင်း မော်ရင်ဟို ဆို

ရိုးမားအသင်း၏ နည်းပြဟောင်းမော်ရင်ဟိုက ၎င်းအနေဖြင့် နည်းပြလောကသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေသော်လည်း မှားယွင်းသည့် ဆုံးဖြတ်ချက်မျိုး ချမိမည်ကို စိုးရိမ်နေသည်ဟု ဆိုခဲ့သည်။

ပေါ်တူဂီလူမျိုးနည်းပြဖြစ်သူ မော်ရင်ဟိုသည် ဇန်နဝါရီ (၁၆)ရက်တွင် စီးရီးအေကလပ် ရိုးမားအသင်းနည်းပြ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်သည်။ မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆော်ဒီပရိုလိဂ်ကလပ်များမှ စိတ်ဝင်စားနေသော်လည်း ကာယကံရှင်ဖြစ်သူက ဥရောပဘောလုံးကို စွန့်ခွာရန် ဆန္ဒမရှိကြောင်း သိရသည်။

Sky Sports နှင့် အင်တာဗျူးတွင် မော်ရင်ဟိုက ၎င်းအနေဖြင့် နည်းပြလောကသို့ အမြန်ဆုံး ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ဒီအချိန်မှာ သင့်တော်တဲ့ ဖြစ်နိုင်ခြေတွေကို ကျွန်တော် စောင့်မျှော်နေပါတယ်။ ဖြစ်နိုင်ရင် မနက်ဖြန်တောင် အလုပ် ပြန်လုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိမှာကိုတော့ ကျွန်တော် မလိုချင်ဘူး” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

နည်းပြဘဝတွင် ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်တို့ကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူခဲ့ဖူးသည့် မော်ရင်ဟိုက ရိုးမားနည်းပြဘဝတွင်လည်း ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပအောင်မြင်မှုအဖြစ် ယူရိုပါကွန်းဖရန့်လိဂ်ဖလားကို ၂၀၂၂ ခုနှစ်တွင် ရယူပေး နိုင်ခဲ့သည်။ ထို့အပြင် နောက်ရာသီတွင် ယူရိုပါလိဂ် ဗိုလ်လုပွဲအား ရိုးမားအသင်းနှင့်အတူ တက်ရောက်နိုင်ခဲ့ပြီး စပိန်ကလပ် ဆီဗီလာကို အရေးနိမ့်သဖြင့် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

ရိုးမားအသင်းနှင့် ရယူခဲ့သည့် ဥရောပအောင်မြင်မှုများအကြောင်းကိုလည်း မော်ရင်ဟိုက “ကျွန်တော့်လက်ထက်မှာ ရိုးမားအသင်းက အရမ်းကောင်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နှစ်အတွင်း ကျွန်တော်တို့ ဥရောပဖလား ဗိုလ်လုပွဲနှစ်ခုကို ရောက်ခဲ့လို့ပါ။ ဒီလို အဆင့်ကို ဘယ်တုန်းကမှ မရောက်ဖူးတဲ့ အသင်းမှာ ဒီလို စွမ်းဆောင်ရတာ ခက်ခဲပါတယ်။ အခုတော့ ကျွန်တော့်အတွက် ကောင်းမယ်ထင်တဲ့ အခွင့်အရေးကို စောင့်နေရုံပါပဲ” ဟု ဆိုခဲ့သည်။

ရိုးမားအသင်းက မော်ရင်ဟိုအား နည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက် အသင်းဂန္ထဝင်ဟောင်းဖြစ်သူ ဒီရော့ဆီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး ဒီရော့ဆီလက်ထက်တွင် ရိုးမားအသင်းက စီးရီးအေပွဲစဉ် (၂၈)အပြီး ပြိုင်ပွဲစုံ (၁၁)ပွဲတွင် (၇)ပွဲနိုင်၊ (၃)ပွဲ သရေကျကာ (၁)ပွဲသာ ရှုံးပွဲ ရင်ဆိုင်ထားရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မော်ရင်ဟိုက ဆော်ဒီသို့ ရောက်ရှိနေခဲ့ပြီး အီဂျစ်ဖလားဗိုလ်လုပွဲ၊ ဂျိုရှုအာနှင့် ဖရန် စစ်အန်ဂန်နူတို့၏ ဘောက်ဆင်ပွဲ၊ Formula 1 ပြိုင်ပွဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုကို ဆော်ဒီကလပ်များက ချိတ်ဆက်နေသလို ဥရောပအသင်းကြီးများဖြစ်သည့် အသင်းဟောင်း ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ နာပိုလီတို့နှင့်လည်း သတင်းထွက်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments