ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဟောင်းဖြစ်သူ ဇီဒန်းက မိမိအနေဖြင့် နည်းပြလောကသို့ အမြန်ဆုံးပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေကြောင်း ဖွင့်ဟခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြသစ်ရေပန်းစားမှုအတွက် အလေးပေးမှုများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။
အသက် (၅၁)နှစ်အရွယ်ရှိ ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းအား ၂၀၁၆ ဇန်နဝါရီမှ ၂၀၁၈ မေလအထိ တစ်ကြိမ်၊ ၂၀၁၉ မတ်လမှ ၂၀၂၁ မေလအထိ တစ်ကြိမ် စုစုပေါင်း (၂)ကြိမ် ကိုင်တွယ်ခဲ့ပြီး (၃)နှစ်ဆက် ချန်ပီယံလိဂ်အောင်ပွဲအပါအဝင် ဆုဖလား (၁၁)လုံးအထိ ရယူနိုင်ခဲ့သူဖြစ်သည်။

ဇီဒန်းအနေဖြင့် ရီးယဲလ်အသင်းမှထွက်ခွာခဲ့သည့် နှစ်ကြိမ်စလုံးတွင် အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေမှုများရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်အပါအဝင် အသင်းတာဝန်ရှိသူများမှာ ဇီဒန်းအား အချိန်မရွေးကြိုဆိုနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လာမည့် ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် လက်ရှိနည်းပြ အန်ဆယ်လော့တီအား ဆက်လက်ခန့်အပ်မည်ဖြစ်သော်လည်း အန်ဆယ်လော့တီမှာမူ ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ နွေရာသီတွင် ဘရာဇီးလ်လက်ရွေးစင်အ သင်းအားကိုင်တွယ်ရန် သဘောတူညီမှုရပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေရာ ရီးယဲလ်အသင်းအနေဖြင့် ယခုတစ်ကြိမ် နည်းပြသစ်ခန့်အပ်မှုကို အချိန်ယူလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ရီးယဲလ်နည်းပြသစ်အတွက် သတင်းများစွာထွက်ပေါ်နေချိန်တွင် ဇီဒန်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိမိအနေဖြင့် နည်းပြလောကသို့ အမြန်ဆုံးပြန်လည်ဝင်ရောက်ရန် မျှော်လင့်ထားကြောင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇီဒန်းက ”ကျွန်တော့်အနေနဲ့ ဘာတွေအလိုရှိသလဲ၊ ဘာတွေအလိုမရှိဘူးလဲဆိုတာကို ကောင်းကောင်းသိထားပါတယ်။ ကျွန်တော် အနားယူခဲ့တယ်ဆိုတာကလည်း ကျွန်တော့်ဆန္ဒအရ၊ လိုအပ်ချက်အရ အနားယူခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော့်အနေနဲ့ နည်းပြလောကထဲ အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ မသိနိုင်သေးပါဘူး” ဟု Telefoot နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ရီးယဲလ်နည်းပြသစ်ရာထူးအတွက် ဂန္ထဝင်ကစားသမား ရာအူးလ်၊ ကစားသမားဟောင်း အလွန်ဆို၊ ကွန်တီ၊ ဇီဒန်းနှင့် နာဂယ်လ်မန်းတို့ အပြိုင်ရေပန်းစားနေကြောင်း သိရသည်။






