Wednesday, February 11, 2026
spot_img
spot_img

နစ်နာမှု အတွက် FIFA ကို ပြန်ပြီး တရားစွဲ လိုက်တဲ့ ရှက်တာဒိုးနက်

ယူကရိန်း ကလပ် ရှက်တာ ဒိုးနက် ဟာ ယူရို သန်း 50 နစ်နာမှု အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကို CAS တရားရုံးမှာ တရားစွဲဆို လိုက်ပြီ ဖြစ်ပါတယ်။ တရားစွဲဆိုရတဲ့ အချက်ဟာ FIFA က ယူကရိန်း မှာ ရှိတဲ့ နိုင်ငံခြားသား ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ စာချုပ်တွေကို တစ်ဖက်သတ် ရပ်စဲခွင့်ရှိတယ် ဆိုတဲ့ ဆုံးဖြတ် ကြောင့်ဖြစ်ပြီး ၊ အဲဒီ လုပ်ရပ်ကြောင့် ကလပ်အသင်းအတွက် တန်ဖိုး ယူရို သန်း 50 ခန့် ဆုံးရှုံးလိုက်ရပါတယ်။

ယူကရိန်း ပြည်တွင်း ချန်ပီယံ 13 ကြိမ် ဖြစ်ထားတဲ့ ရှက်တာ ဒိုးနက်ဟာ ဒီလထဲမှာပဲ CAS တရားရုံး က တာဝန်ရှိသူ Mathieu Reeb ထံ စာရွက်စာတမ်းတွေ ကို တရားဝင် လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံမှန် ရရှိနေတဲ့ အသင်းမျိုး ဖြစ်တဲ့ အတွက် ၊ FIFA ရဲ့ ဆုံးဖြတ်ချက်ဟာ သူ့အပေါ် အရမ်းကို ထိခိုက်ခဲ့ရတဲ့ အကြောင်းအရင်းကို CAS ထံ တင်ပြတဲ့ စာရွက်စာတမ်းတွေ ထဲမှာ သေချာ ရှင်းပြထားပါတယ်။

ရုရှား က ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက်ပိုင်း FIFA ဟာ ဇွန်လ 21 ရက်နေ့မှာပဲ ယူကရိန်း ကလပ်တွေ နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ကစားသမားတွေ ၊ နည်းပြတွေ အနေနဲ့ သူတို့ရဲ့ စာချုပ်တွေကို 2023 ခုနှစ် ဇွန်လ 30 ရက် အထိ ဆိုင်းငံ့ထားလို့ ရတယ်လို့ တရားဝင် ကြေငြာခဲ့သလို ၊ နှစ်ဖက် သဘောတူညီမှု ကလဲ ဒီနှစ် ဇွန် လ 30 ရက် မတိုင်ခင် အပြီးသတ် လုပ်ဆောင်ရမယ့် အကြောင်းပါ ပါရှိခဲ့ပါတယ်။

ရှက်တာ ဒိုးနက် အသင်းဟာ သူတို့ရဲ့ ကစားသမား စာရင်းမှာ နိုင်ငံခြားသား ဘောလုံးသမား စုစုပေါင်း 14 ယောက် အထိ ရှိပါတယ်။ သူတို့ အသင်း ဝင်ငွေ တွေကလဲ ရုရှား က ကျူးကျော်စစ် ဆင်နွှဲပြီးနောက်ပိုင်း ဆက်တိုက် ထိုးကျခဲ့တာပါ။

ဒါကြောင့် အသင်း ဘဏ္ဍာရေး ပြန်လည် တည့်မတ်နိုင်ဖို့ အတွက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ နိုင်ငံခြားသား ကစားသမားတွေကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေသည့်တိုင်အောင် ၊ ဖီဖာ ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရောင်းစရာ ကစားသမား မကျန်တော့ပဲ ဖြစ်သွားပါတယ်။

နိုင်ငံခြားသား အများစုဟာ စစ်ဖြစ်နေတဲ့ နိုင်ငံအတွင်းကို ပြန်လည် လာရောက် ကစားဖို့ ဆန္ဒမရှိကြတော့သလို ၊ ကလပ် အသင်းကလဲ သူတို့ကို ရောင်းထုတ်ပေးမယ့် အကြောင်း ကတိခံခဲ့သည့်တိုင်အောင် ဖီဖာ က သတ်မှတ်ထားတဲ့ ရက်က တိုတောင်းလွန်းတာကြောင့် ကမောက်ကမတွေ ဖြစ်ကုန်ကြပါတယ်။

ဖီဖာ ဟာ ဇွန်လ 30 ရက် မတိုင်ခင် အပြီး ဖြေရှင်းရမယ်လို့ ဖော်ပြမိတာကြောင့် ဘောလုံးသမားတွေ ရဲ့ အေးဂျင့်တွေဟာ ပြောင်းရွှေ့ကြေး မပေးရအောင် ဝေ့လည်ကြောင်ပတ်လုပ်ပြီး ၊ သူတို့ ကစားသမားတွေ ကို ဆွဲထုတ်သွားကြပါတယ်။ အဲဒီမှာပဲ ရှက်တာဒိုးနက်ဟာ နစ်နာမှုတွေ အများကြီး နဲ့ ကျန်ရစ်ခဲ့တော့တာပါ။

အသင်း ရဲ့ အလုပ်အမှုဆောင်ချုပ် Sergei Palkin ရဲ့ ပြောပြချက် အရ ခြေစွမ်းကောင်းတဲ့ နိုင်ငံခြားသား ဘောလုံးသမား 4 ယောက် ရဲ့ တန်ဖိုးတင် ယူရို သန်း 50 အထိ ရှိတယ်လို့ သိရပြီး ၊ အဲဒီ ငွေတွေကို ဖီဖာ က ပြန်လည် လျော်ကြေးပေးဖို့ CAS ကနေ တဆင့် တောင်းဆိုတာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

တရားဥပဒေ စိုးမိုးတဲ့ ဒေသတွေ ဆိုတော့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ရဲ့ ဆုံးဖြတ်ချက်ကိုတောင် ပြန်ပြီး တရားစွဲလို့ ရသလို ၊ မိမိနစ်နာ တဲ့ အတိုင်း ပြန်လည် ရရှိဖို့ အတွက်လဲ တောင်းဆိုခွင့် အပြည့်ရှိနေပါတယ်။

CAS ရဲ့ ဆုံးဖြတ်ချက် က ဘယ်လောက်အထိ မျှမျှတတ ရှုမြင်နိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments