Wednesday, February 11, 2026
spot_img
spot_img

ဒေါ့မွန်ကို ရှုံးကြွေးဆပ်ပြီး ချန်ပီယံလိဂ်မှာနောက်တစ်ဆင့်တက်သွားနိုင်ပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးသည် မနေ့ညက စတန်းဖို့ဘရစ်ချ်တွင်ကစားသည့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် ဒေါ့မွန်ကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ ပထမအကျော့တွင် ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့ရသော်လည်း နှစ်ကျော့ပေါင်း ၂-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းကြောင့် ချဲလ်ဆီးအနေဖြင့် နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ခဲ့သလို ပေါ်တာသည်လည်း ဖိအားများအတန်အသင့် လျော့ပါးခဲ့ရသည်။

ချဲလ်ဆီးအတွက်ဂိုးများကို ပထမပိုင်းတွင် စတားလင်းနှင့် ဒုတိယပိုင်းတွင်ပင်နယ်တီမှ တစ်ဆင့်ဟာဗက်စ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပေါ်တာသည် ပထမအကျော့တွင် ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ ခြေစွမ်းသည် တစ်ဆင့်တိုးတက်လာခဲ့သည်ဟု ယူဆကြောင်း ထိုသို့ဆိုလျှင် ယခုတစ်ကြိမ်သည် အသင်း၏ခြေစွမ်း အများကြီးတိုးတက်သည်ဟု ယူဆရမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

ချဲလ်ဆီးသည် ဂိုးသွင်းခွင့်များ အများကြီးဖန်တီးနိုင်ခြင်းမရှိသော်လည်း စတားလင်းသွင်းယူသည့် ဂိုးမှာမူ ထိုက်ထိုက်တန်တန်သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာဗက်စ်ဒုတိယပိုင်းတွင် သွင်းယူသော ပင်နယ်တီဂိုးဖြင့် ချဲလ်ဆီးသည် ဒေါ့မွန်ကိုကပ်၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးသည် ဒုတိယပိုင်း တစ်လျှောက်လုံးတွင်လည်း အနိုင်ကို ထိန်းနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးသည် ပထမဆုံး သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်သော ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

စတားလင်းသည် မန်စီးတီးမှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ပြီးနောက်မျှော်လင့်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိဖြစ်ခဲ့သည်။ စတားလင်းသည် နှစ်သစ်ကူးနေ့နောက်ပိုင်းတွင် ဂိုးခန်းခြောက်နေရာမှ ဒေါ့မွန်နှင့်ပွဲတွင် ချဲလ်ဆီးအတွက် အရေးကြီးသော ဂိုးကို ပထမပိုင်းတွင် သွင်းပေးလိုက်နိုင်ခြင်းဖြစ်သည်။

ချဲလ်ဆီးသည် ရာသီအစတွင် ရုန်းကန်ရတတ်ပြီး ရာသီအကုန်တွင် ဆုဖလားတစ်လုံးဆွတ်ခူးတတ်သည် အလေ့အထရှိကြောင်း နောက်ဆုံးဘောလုံးရာသီ ၈ ရာသီတွင် ချဲလ်ဆီးသည် ၆ ရာသီ၌ ဆုဖလားဆွတ်ခူးနိုင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။ ချဲလ်ဆီးသည် နောက်တစ်ဆင့်တက်သွားသောကြောင့် မည်သို့ပင်ဖြစ်စေကာမူ ၂၀၂၂-၂၃ ဘောလုံးရာသီတွင် ဆုဖလားဆွတ်ခူးရန် အလားအလာရှိနေသည်ဟု သတင်းများက ဆိုသည်။ တူချယ်လက်ထက်က ကဲ့သို့ ဗိုလ်စွဲနိုင်ရန်မလွယ်သည်မှာ မှန်သော်လည်း ချန်ပီယံလိဂ်တွင် နောက်ပိုင်းပွဲစဉ်များသို့ တက်ရောက်နိင်ခြင်းအားဖြင့် ပေါ်တာသည် ချဲလ်ဆီးကို တည်ဆောက်ရန်အတွက် အချိန်ပို၍ ရလာနိုင်ကြောင်းလည်း သုံးသပ်ဖော်ပြကြသည်။

ဒေါ့မွန်ကွင်းလယ်တွင် နာမည်ကြီးနေသော အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်မှာမူ မနေ့ညက ပွဲတွင် ခြေစွမ်းတိတ်ဆိတ်နေခဲ့သည်။ ကိုဗာဆစ်နှင့် အန်ဇိုဖာနန်ဒက်စ်တို့နှင့် ရင်ဆိုင်ရသည့်အခါတွင် ဘယ်လင်ဂမ်သည် ယခင်ပွဲစဉ်များလောက်ကွင်းလယ်ကို စိုးမိုးနိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဘယ်လင်ဂမ်သည် ဒုတိယပိုင်းတွင် ဂိုးသွင်းရန် အခွင့်အရေးတစ်ခုရသော်လည်း အသုံးချနိုင်ခြင်းမရှိဖြစ်ခဲ့သည်။

ချဲလ်ဆီးအသင်းသည် ကစားသစ်ခေါ်ယူခြင်းနှင့် ဒဏ်ရာပြဿနာများကြောင့် တည်ငြိမ်သည့် ခံစစ်ကို ယခုဘောလုံးရာသီတွင် တည်ဆောက်နိုင်ခြင်းမရှိရသည့်အပြင် သီယာဂိုဆေးဗားဒဏ်ရာရခြင်းကြောင့် ခံစစ်မှာပို၍ အားနည်းနေခဲ့သည်။ ချဲလ်ဆီးက ဒေါ့မွန်ကို ဒုတိယအကျော့တွင် ပေးဂိုးမရှိအနိုင်ရခြင်းသည် ပေါ်တာအတွက် စိတ်ချမ်းသာစရာတစ်ခုပင်ဖြစ်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြသည်။ ဝက်စ်လေဖိုဖာနာ ကူလီဘာလေနှင့် ကူကူရယ်လာတို့က ချဲလ်ဆီး၏ သုံးယောက်တန်းခံစစ်စည်းကို မကျိုးပေါက်ရန် ခြေစွမ်းပြနိုင်ခြင်းသည် ပေါ်တာ၏ အသင်းအတွက် ကြီးမားသည် အပေါင်းလက္ခဏာတစ်ရပ်ဖြစ်ကြောင်းလည်း ဝေဖန်ပြောဆိုကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments