Tuesday, January 20, 2026
spot_img
spot_img

ဒူးအရွတ်ဒဏ်ရာ ရရှိနေသည့် နေမာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း ဆရာဝန် မှတ်ချက်ပြု

ဒူးအရွတ်ဒဏ်ရာရရှိနေသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ဒဏ်ရာအချိန်မီမသက်သာနိုင်ခြင်းကြောင့် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း ဘရာဇီးလ်အသင်းဆရာဝန်ဖြစ်သူ ရိုဒရီဂိုလက်စ်မာက အတည်ပြုခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သူ နေမာသည် အောက်တိုဘာလအတွင်း ကစားခဲ့သည့် ဥရုဂွေးအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ယင်းဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့သည့်လက ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သည်။

နေမာ၏ဒဏ်ရာသည် လာမည့်နှစ် သြဂုတ်လအထိ အနားယူရမည်ဖြစ်ကြောင်း ဘရာဇီးလ်ရေဒီယို Radio 98 FM သို့ လက်စ်မာက ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ “အခုက အချိန်မကျသေးပါဘူး။ စောလွန်းပါတယ်။ မြန်မြန်ပြန်ကောင်းဖို့နဲ့ မလိုအပ်ဘဲ စွန့်စားမှုတွေ လုပ်ဆောင်ဖို့တော့ မရှိပါဘူး။ ဥရောပရဲ့ ၂၀၂၄ ပြိုင်ပွဲရာသီ စတင်ချိန် သြဂုတ်လမှာ သူပြန်လာဖို့ အသင့်ရှိနေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ ကိုးလကြာအချိန်မတိုင်ခင် ပြန်ကစားမယ့်အကြောင်း ပြောတာတွေကိုပေါ့။ အရွတ်လိုဒဏ်ရာမျိုးဟာ ခန္ဓာကိုယ်အတွက် အချိန်ယူရတာက အရမ်းအရေးကြီးပါတယ်။  ဒီရည်မှန်းချက်က အခုချိန်အတိုင်းအတာအတွက်ပဲ ဖြစ်ပါတယ်။ သူ့အဖို့ အမြင့်ဆုံးအဆင့်နဲ့ ပြန်လည်သက်သာလာပါလိမ့်မယ်” ဟု လက်စ်မာက ပြောကြားခဲ့သည်။

နေမာသည် နောက်ဆုံးသုံးရာသီအတွင်း ဒဏ်ရာပြဿနာများနှင့် ပုံမှန်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁- ၂၂ ရာသီတွင် ခြေချင်းဝတ်ဒဏ်ရာကြောင့် လေးလကြာအနားယူခဲ့ရပြီး ၂၀၂၂-၂၃ ရာသီတွင်လည်း အဆိုပါဒဏ်ရာကြောင့်ပင် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲ နှစ်ပွဲကို လွဲချော်ခဲ့ရကာ ဖေဖော်ဝါရီတွင် ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိမှုကြောင့် ရာသီကုန်အထိ အနားယူခဲ့ရသည်။

နေမာသည် ဘရာဇီးလ်အသင်းအတွက် ၁၂၉ ပွဲကစားကာ ဂိုးသွင်းအများဆုံးအဖြစ် ၇၉ ဂိုး သွင်းယူထားသော်လည်း အသင်းနှင့် မေဂျာဖလား မရယူနိုင်သေးဘဲ ဖြစ်နေသည်။ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲခဲ့စဉ် နေမာမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့်ပင် ပြိုင်ပွဲကို လွဲချော်ခဲ့ရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments