အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အော်ဒီဂတ် က ဒီတစ်ပတ်မှာ သူတို့ရဲ့ပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်း ခြေချော် ရှုံးနိမ့် ခဲ့ရမှုကို ခေါင်းထဲ လုံးဝ မထည့်ထားဘဲ ကိုယ့် အသင်းအပေါ်ပဲ အပြည့်အဝ အာရုံ စိုက်ထားကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဘုန်းမောက် အသင်းကို လေးဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ဆာကာ ၊ အော်ဒီဂတ် ၊ ဟားဗတ်ဇ် နှင့် ဘန်ဝှိုက် တို့က သွင်းယူ ခဲ့ကြတာပါ ၊ တစ်ပြိုင်တည်း ကစားတဲ့ ပွဲမှာ မန်စီးတီး အသင်းက ရှုံးပွဲ ကြုံတွေ့ သွားခဲ့တာကြောင့် အာဆင်နယ် အသင်း နှင့် မန်စီးတီး ကြားမှာ အမှတ်ကွာဟမှုက တစ်မှတ်သာ ရှိပါတော့တယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် အပတ်မှာတော့ မန်စီးတီး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ မန်စီးတီး နဲ့ မကစားမှီ ကြားရက်မှာ လန်းစ် အသင်း နဲ့ ချန်ပီယံလိဂ် ပွဲ ကစားရဦးမှာပါ ။
အော်ဒီဂတ် က football London မှာ ” မန်စီးတီး ရှုံးပွဲ ကြုံသွားတယ် ဆိုတာ ကျနော် ကြားလိုက်ပါတယ် ။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုပဲ အာရုံ စိုက်ထားပါတယ် ၊ ဒီလိဂ် က အတော် ခက်ခဲပါတယ် ၊ အသင်းတိုင်း က အသင်းတိုင်းကို အနိုင်ယူ နိုင်စွမ်း ရှိပါတယ် ။ ”

” ဒါကြောင့် ကိုယ့်ဘက်က ထူးချွန်ကောင်းမွန်နေအောင် အမြဲတမ်း ပြင်ဆင်ထားဖို့ လိုပါတယ် ။ ပွဲတိုင်း အတွက် အသင့် ဖြစ်နေအောင်ပေါ့ ၊ နောက်ပြီး ကိုယ့်ကိုယ်ကိုပဲ အာရုံ စိုက်ထားပြီး လာမယ့် အတွက် ပြင်ဆင် ရပါမယ် ။ပွဲတိုင်း က အရေးကြီးပါတယ် ။ အရင်ဆုံး ကန်ရမယ့်ပွဲက ချန်ပီယံလိဂ် ပွဲပါ ၊ အဲ့ဒီပွဲ ပြီးမှ နောက်ပွဲ အကြောင်း စဉ်းစားပါမယ် ၊ ပွဲတိုင်းကတော့ Big Game တွေချည်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






