Tuesday, January 13, 2026
spot_img
spot_img

ဒိုင်အဖွဲ့ နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌဟောင်းကို ငွေပေးခဲ့ခြင်းအတွက် ဘာစီလိုနာအသင်း အားကစားနည်းလမ်းအရ အရေးယူခံရမည်မဟုတ်ဟု လာလီဂါဥက္ကဋ္ဌ တီဘက်စ် အတည်ပြု

ဘာစီလိုနာအသင်းအနေဖြင့် ဒိုင်အဖွဲ့နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နီဂရီရာကို ငွေပေးခဲ့ခြင်းအတွက် အားကစားနည်းလမ်းအရ အရေးယူခံရမည်မဟုတ်ကြောင်း လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က အတည်ပြုပြောကြားခဲ့သည်။

ကတ်တလန်အခြေစိုက် Cadena SER ရေဒီယိုက ဘာစီလိုနာအသင်းအနေဖြင့် နီဂရီရာပိုင်ဆိုင်သည့် DASNIL 95 SL ကုမ္ပဏီအား ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ယူရို ၁ ဒသမ ၄ သန်းနီးပါး ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

သို့သော် စပိန်နိုင်ငံ၏ ဥပဒေအရ ကလပ်အသင်းများအား သုံးနှစ်အတွင်း ကျူးလွန်သည့် ပြစ်မှုများအတွက်သာ အရေးယူနိုင်သဖြင့် ယခုဖြစ်ရပ်အတွက် အားကစားနည်းလမ်းအရ အရေးယူခံရမည်မဟုတ်ကြောင်း တီဘက်စ်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ ခုနှစ်နဲ့ ယခင်နှစ်တွေမှာ အကျိုးစီးပွားပဋိပက္ခလိုက်နာမှုစည်းမျဉ်းအရ ဘာစီလိုနာရော ဒိုင်ကော်မတီကိုပါ စောင့်ကြည့်မှုက ကျရှုံးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ (အားကစားနည်းလမ်းအရ ပြစ်ဒဏ်ချမှတ်ခြင်းကို) ကြည့်ရှုထားပြီးပါပြီ။ အားကစား နည်းလမ်းအရ အရေးယူပြစ်ဒဏ်ချဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ငါးနှစ်ကျော် ကြာသွားပြီဖြစ်လို့ပါ။ ရာဇဝတ်မှုဆိုင်ရာ စီရင်ပိုင်ခွင့်ကတော့ တခြားကိစ္စဖြစ်သွားပါပြီ။ အခုဆိုရင် အစိုးရရှေ့နေရုံးက တစ်ဦးချင်းအကြားမှာ လုပ်ပွဲပြုလုပ်နိုင်မှု၊ ခြစားမှုပြုလုပ်နိုင်ခြေရှိမရှိ ဆိုတာတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒီစုံစမ်းစစ်ဆေးမှု ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ကြတာပေါ့။ လာလီဂါအနေနဲ့ အစိုးရရှေ့နေရုံးရဲ့ စုံစမ်းစစ်ဆေးမှုကို လေးစားမှုရှိသလို ပြီးဆုံးချိန်အထိ အဖြေကိုစောင့်ဆိုင်းနေမှာပါ။ သင့်လျော်တဲ့ တိုင်ကြားချက်ကို တင်သွင်းဖို့၊ သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုဖို့ ဆုံးဖြတ်မလားဆိုတာ စောင့်ကြည့်ပြီးတော့ အဲဒီကနေ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမှာပါ”ဟု တီဘက်စ်က ပြောကြားခဲ့သည်။

စပိန်အစိုးရရှေ့နေများက ဘာစီလိုနာ အသင်း၏ ငွေပေးချေမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ထိုစဉ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဘာတိုမူက အဆိုပါငွေပေးချေမှုကို ၂၀၀၃ ခုနှစ်မတိုင်ခင်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၉-၂၀၁၀ ရာသီမှစတင်ကာ ၂၀၁၈ ခုနှစ်အထိ တစ်နှစ်လျှင် ယူရို ၅၇၅၀၀၀ ပေးအပ်ခဲ့ကြောင်း ပြောကြားထားသည်။ 

ဘာစီလိုနာအသင်းကမူ ဒိုင်လူကြီးများနှင့်ပတ်သက်၍ နည်းစနစ်ပိုင်း အစီရင်ခံစာအတွက် ၎င်း၏ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments