Saturday, February 7, 2026
spot_img
spot_img

ဒဏ်ရာကနေ ပြန်လည် နာလန်ထူလာတဲ့ ချဲလ်ဆီး စတား ၈ဦးရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အသိပေးခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ည စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အက်စ်တွန် ဗီလာ အသင်းကို ဧည့်ခံ ကစားဖို့ ရှိပြီး ၊ ဒီပွဲကိုလည်း ပြီးခဲ့တဲ့ အပတ်က ကြံ့ခိုင်မှု မပြည့်သေးလို့ လွဲချော်ခဲ့တဲ့ ကစားသမား ၇ဦး ဆက်လက် လွဲချော်ဖို့ အလားအလာ အတော်များနေပါတယ် ။

မနေ့ကတော့ ထရိန်နင်မှာ ကာလရှည် ဒဏ်ရာက ပြန်လာတဲ့ အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ပထမဆုံး အကြိမ် အသင်းလိုက် ထရိန်နင် ပြန်ဆင်းနေတာကို မြင်တွေ့ခဲ့ရပါတယ် ။ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ပိုချက်တီနိုက ဘရိုဂျာ အပြင် အခြားသော စတား ၇ဦးရဲ့ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အခုလို ရှင်းလင်းလာပါတယ် ။

ပိုချက်တီနို က ” မွိုင် ( ကိုင်စီဒို ) နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မနက်ဖြန်မှာ နောက်ထပ် စစ်ဆေးမှုတွေ လုပ်သွားပါမယ် ။ သူဟာ တဦးတည်း သီးသန့် လေ့ကျင့်မှုတွေ လုပ်နေခဲ့ပြီး ၊ ဒီနေ့အထိတော့ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်တာမျိုး မရှိသေးပါဘူး ။ တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲအတွက် သူ ပြန်လာနိုင်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ ။ ”

” မာ့ခ် ( ကူကူရယ်လာ ) ကတော့ နေမကောင်းဖြစ်ခဲ့ပြီး ၊ အခုတော့ ကျွန်တော်တို့ရဲ့ ထရိန်နင်မှာ ပြန်လည် ပူးပေါင်းပါဝင်နေပါတယ် ။ နွန်နီ ( မက်ဒူးကီ ) လည်း ဒီတပတ်အတွင်း ပြန်လေ့ကျင့်နေပေမယ့် ၊ နောက်တရက်လောက် သူ့ကို စစ်ဆေးမှုတွေ လုပ်ကြည့်ဖို့ လိုကောင်းလိုပါဦးမယ် ။ ”

” အာမန်ဒို ဘရိုဂျာကလည်း တနင်္ဂနွေနေ့ပွဲမှာ ပါကောင်းပါနိုင်ပါတယ် ။ မသေချာသေးပါဘူး ။ ကျွန်တော်တို့ အနေနဲ့ ကစားသမားတွေ နာလန်ထူဖို့ အချိန်ပေးရမှာ ဖြစ်သလို ၊ သူတို့တွေ အသင်းမှာ တဖန်ပြန်လည် ကစားပေးနိုင်ဖို့က အရေးကြီးပါတယ် ။ ”

” ဟုတ်ပါတယ် ။ ဘန်နွိုင်း ( ဘတ်ဒီယာရှီးလ် ) ဟာ မတူညီတဲ့ ကြွက်သားတနေရာမှာ ဒဏ်ရာ အသေးစားလေးတခု ထပ်ရခဲ့တာပါ ။ သူဟာ လောလောဆယ်တော့ ရိစ်ဂျိမ်းစ်နဲ့ အတူ လေ့ကျင့်နေပါတယ် ။ ရိစ် ၊ ကာနီ ( ချူကွီမက်ကာ ) !ချာလိုဘာတို့ဟာလည်း အသင်းရဲ့ ထရိန်နင်မှာ ပြန်လည် ပါဝင်နိုင်ဖို့ နီးစပ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က အားရစရာ မရှိနေတဲ့ လက်ရှိ ချဲလ်ဆီးတိုက်စစ် အဖို့ ဘရိုဂျာ အပေါ် ဘယ်လောက်ထိ အားထားရနိုင်မလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” အခု အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ တခြားသော အသင်းသားတွေရဲ့ အကြောင်းပါ ပြောဆိုဆွေးနွေးလို့ ရပါတယ် ။ ”

” ဘရိုဂျာဟာ ဒဏ်ရာက ပြန်လာလို့ ဒီအပတ် ထရိန်နင်မှာမှ ပြန်ပါလာသေးတာပါ ။ သူဟာ ပြီးခဲ့တဲ့ ၉လလုံးလုံး ဘာပြိုင်ပွဲမှ ယှဉ်ပြိုင် ကစားထားတာမျိုး မရှိခဲ့ပါဘူး ။ သူ့အပေါ်မှာ ဒီတာဝန်ကြီး လွှဲအပ်လိုက်လို့ မရပါဘူး ။ ဒါဟာ တသင်းလုံးနဲ့ သက်ဆိုင်ပါတယ် ။ အသင်း ဂိုးသွင်းနိုင်ဖို့ ဆိုတာ အစုအဖွဲ့လိုက် အားထုတ်မှုမျိုး လိုအပ်ပါတယ် ။ ”

” ( ခုမှ ပြန်လာတဲ့ ) ဘရိုဂျာ အပေါ်မှာ ကျွန်တော်တို့ ဘာမှ မျှော်မှန်းနေလို့ မရပါဘူး ။ ကစားခွင့် ရလာရင်တောင် သူဟာ ဘောလုံးထိချက်တိုင်းကို အရင်ဆုံး မှန်ကန်အောင်လုပ်ရပါလိမ့်မယ် ။ သူ့အနေနဲ့ ဒီပြိုင်ပွဲအပေါ် ခံစားမှု ရှိဖို့ လိုပါမယ် ။ ပြီးမှ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပုံစံမျိုး သူ စွမ်းဆောင်ပြရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments