ပြင်သစ်ချန်ပီယံအသင်း ပီအက်စ်ဂျီ က လီဂူး ၁ ချန်ပီယံဆု နောက်ထပ်တစ်ဆု ရရန် နီးကပ်လာချိန်တွင် ဗီတင်ဟာ နှင့် ဖာဘီယန် ရူအစ်ဇ် တိုလည်း အမှတ်ပေးဇယားတွင် ရပ်တည်လာခဲ့ပြီဖြစ်သည်။
ရှေ့တန်းကစားသမား ကိုင်လီယန် အမ်ဘာပေ နှင့် ကွင်းလယ်လူ နှစ်ယောက်ဖြစ်သည့် ဖာဘီယန် ရူအစ်ဇ် နှင့် ဗီတင်ဟာ တိုက ၁ ဂိုးစီ သွင်းခဲ့သောကြောင့် ပီအက်စ်ဂျီသည် အဆင့်ကျမည့်အန္တရာယ်ရှိနေခဲ့သော ထရိုယက်စ်အသင်း ကို တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် မေ ၈) က ၃-၁ ဖြင့် အနိုင်ရခဲ့သည်။

ထရိုယက်စ်အိမ်ကွင်း၌ကစားခဲ့သည့်အဆိုပါပွဲတွင် အဖွင့်ဂိုးကို အမ်ဘာပေက ပွဲချိန် ၈ မိနစ်တွင် သွင်းယူခဲ့ကာ ဗီတင်ဟာက အသင်း၏ဒုတိယဂိုးကို ၅၉ မိနစ်တွင် ရယူခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ ဖာဘီယန် ရူအစ်ဇ် က ၈၆ မိနစ်မှာ သွင်းခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီသည် ထိုပွဲကို ၎င်းတို၏ ကြယ်ပွင့် လီယွန်နယ်မက်ဆီ မပါဘဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မက်ဆီနှင့် နေမာတိုကို တစ်ယောက်တစ်ဖက် ခြံရံထားလေ့ရှိသည့် အမ်ဘာပေသည် ထိုပွဲတွင် တစ်ယောက်တည်း ရပ်တည်ခဲ့သည်။ မက်ဆီက ဆော်ဒီအာရေဗီးယားသို ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းတွင် ခွင့်ပြုချက်မရဘဲ ခရီးထွက်ခဲ့ခြင်းကြောင့် သီတင်းပတ်နှစ်ပတ်ကြာ ရာထူးမှဆိုင်းငံ့ခံထားရပြီး နေမာကမူ ဒဏ်ရာရရှိနေသည်။
ပီအက်စ်ဂျီ သည် လီဂူး ၁ မှအပ အလုံးစုံ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယခုအခါ ၎င်းတို အားထုတ်ထားသည့် စွမ်းဆောင်ချက်အရည်အသွေးများဖြင့်သာ အကဲဖြတ်နိုင်ပြီ ဖြစ်သည်။ အဆိုပါပွဲသည် အံ့ချီးလောက်စရာ အတိအကျ မဟုတ်သော်လည်း အတော်လေး အဆင့်နိမ့်သော ပြိုင်ဘက်ကို မောင်းထုတ်ရန် လုံလောက်ပါသည်။






