တူချယ်ကိုင်တွယ်နေသော ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်စနေနေ့တွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို အပြိုင်လုရမည့် ဒေါ့မွန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်ကစားရန်ရှိနေသည်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၅ ပွဲကစားအပြီးတွင် ဘိုင်ယန်သည် ရမှတ် ၅၂ မှတ်ဖြင့် ဒေါ့မွန်ထက် တစ်မှတ်လျော့နည်းက တန်းစီဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။

စနေနေ့တွင်ကစားမည့်ပွဲတွင် ထိရောက်သည့် အကျိုးသက်ရောက်မှုမျိုးဖန်တီးနိုင်ရန် တူချယ်၌ အချိန်လုံလောက်မှုမရှိကြောင်း ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဆီဘက်ရှန်ခါးလ်က ပြောဆိုလိုက်သည်။
၁၀ ကြိမ်ဆက်တိုက်ဂျာမန်ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဖြစ်ထားသော ဘိုင်ယန်သည် နာဂယ်စ်မန်းကို ပြီးခဲ့သည့်ရက်ပိုင်းကထုတ်ပယ်၍ တူချယ်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ထားပြီးနောက် ယခုကဲ့သို့ ဘွန်ဒက်စ်လီဂါ၏ ကလက်ဆီကာပွဲစဉ်ကို ကစားရန်ဖြစ်လာခြင်းဖြစ်သည်။

တူချယ်အနေဖြင့် ဘိုင်ယန်၏ ကစားကွက်ကို ဖန်တီးရန် အချိန်မလုံလောက်သေးကြောင်း ခါးလ်က ပြောဆိုလိုက်သည်။ “စနေနေ့မှာ တူချယ်ရဲ့ဘိုင်ယန်အသင်းက နာဂယ်စ်မန်းရဲ့အသင်းထက် ပိုကောင်းမလား ဆိုတာက မသေချာပါဘူး။ တူချယ်ရဲ့နည်းပြအဖွဲ့က ထိရောက်တဲ့ အကျိုးသက်ရောက်မှု တစ်ခုကို ဖန်တီးနိုင်ပြီလားဆိုတာမသေချာပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘိုင်ယန်ကစားသမား တော်တော်များများက နိုင်ငံတကာပွဲတွေကစားနေရပြီး လေ့ကျင့်ရေးတွေကလည်း မှန်မှန်လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နိုင်ဖို့ အခွင့်အရေးနည်းပါတယ်”ဟု ခါးလ်က ပြောဆိုလိုက်သည်။
တူချယ်သည် ၂၀၁၇ တွင် ကလပ်အသင်း၏အုပ်ချုပ်ရေးပိုင်းနှင့် အဆင်မပြေဖြစ်ကာ ဒေါ့မွန်အသင်းကို စွန့်ခွာခဲ့သူဖြစ်သည်။







