ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် ကစားသမားသစ်များစွာ ခေါ်ယူထားပြီးဖြစ်သော်လည်း အပြောင်းအရွှေ့စျေးကွက်မပိတ်မီ တိုက်စစ်ပိုင်းအတွက် ထပ်မံခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် နည်းပြ ပိုချက်တီနိုကို ခန့်အပ်ခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်လျက်ရှိရာ ယခုနွေရာသီတွင် ကစားသမားသစ်(၁၁)ဦး ခေါ်ယူထားပြီး ဖြစ်သည်။

ယင်းအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၃၇၀) ဝန်းကျင် သုံးစွဲထားပြီးဖြစ်သော်လည်း ကစားသမားရောင်းချမှုမှ ပေါင်သန်း(၂၂၀)ဝန်းကျင် ပြန်လည်ရရှိခဲ့သည့်အတွက် အသားတင်အသုံးစရိတ်မှာ ပေါင်သန်း(၁၅၀)ဝန်းကျင်သာ ရှိသေးသည်။
ထို့ကြောင့် စျေးကွက်မပိတ်မီ အားဖြည့်မှုများ ထပ်မံပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။
Daily Mail ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားများမှာ အာဆင်နယ်အသင်းမှ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုး၊ ဘာစီလိုနာအသင်းမှ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်နှင့် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာတို့ဖြစ်ကြောင်း သိရသည်။

ယင်းကစားသမားများမှာ လက်ရှိအသင်းများတွင် ပုံမှန်နေရာရရှိရန် ရုန်းကန်နေရသူများဖြစ်သောကြောင့် ချယ်လ်ဆီးအသင်း ကမ်းလှမ်းခဲ့ပါက လက်ခံစဉ်းစားဖွယ်ရှိနေကြောင်း သိရသည်။
စမစ်ရိုး(၂၃ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် ဒဏ်ရာပြ ဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အာဆင်နယ်အသင်းတွင် နေရာပျောက်ခဲ့သူဖြစ်ပြီး ဖယ်ရန်တောရက်စ်(၂၃ နှစ်)နှင့် ရာဖင်ညာ(၂၆ နှစ်)တို့မှာလည်း ဘာစီလိုနာအသင်းတွင် ဒုတိယ ဦးစားပေးကစားသမားအဖြစ်သာ ရပ်တည်ရဖွယ်ရှိနေသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းက ၎င်းတို့ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် နွေရာသီအပြောင်းအရွှေ့ စျေးကွက်ကို စက်တင်ဘာ(၁)ရက် သောကြာနေ့တွင် ပိတ်သိမ်းမည်ဖြစ်သည်။






