ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဒိုင်ကော်မတီဥက္ကဋ္ဌဖြစ်သည့် နာမည်ကျော် အီတလီဒိုင်လူကြီးဟောင်း ကော်လီနာက တိကျသည့် နာကျင်အချိန်ပိုစနစ် အသုံးပြုလျှင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အချိန်ဆွဲကစားမှု ရပ်တန့်သွားမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အချက်အလက်များအရ ပရီးမီးယားလိဂ်ပွဲစဉ်များ၏ အမှန်တကယ် ထိရောက်သော ပွဲကစားချိန်မှာ တစ်ပွဲပျမ်းမျှ ၅၄ ဒသမ ၄၉ မိနစ်သာရှိပြီး ချန်ပီယံလိဂ်ပွဲစဉ်များမှာ တစ်ပွဲပျမ်းမျှ ၅၈ ဒသမ ၀၇ မိနစ်ရှိကြောင်း သိရသည်။ ကော်လီနာက အောက်တိုဘာတွင် ကစားခဲ့သည့် ဗီလာ-ဘရန့်ဖို့ဒ်ပွဲစဉ်မှာ အမှန်တကယ် ထိရောက်သော ပွဲကစားချိန် ၄၃ မိနစ်သာရှိကြောင်းနှင့် ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်-မန်ယူပွဲစဉ်မှာ ခုနစ်ဂိုးအထိသွင်းယူခဲ့သော်လည်း ပထမပိုင်းတွင် နာကျင်အချိန်ပို တစ်မိနစ်နှင့် ဒုတိယပိုင်းတွင် နာကျင်အချိန်ပို သုံးမိနစ်သာပေးသည့် အခြေအနေကို ထောက်ပြဝေဖန်ခဲ့သည်။

“အက်စတွန်ဗီလာ-ဘရန့်ဖို့ဒ်ပွဲစဉ်မှာ ထိရောက်တဲ့ကစားချိန်က ၄၃ မိနစ်ပဲရှိတယ်။ တစ်စုံတစ်ယောက်က ၄၃ မိနစ်ပဲကြာတဲ့ ပွဲတစ်ပွဲကိုကြည့်ဖို့ ငွေပေးချင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ VAR ကြောင့် လျှော့ချနိုင်ခဲ့တာတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ အခု အချိန်မှာ ကတ်အရေအတွက် ဘယ်လောက်အထိဖြစ်သွားပြီလဲ။ အရမ်းနည်းသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားတွေက အဲဒီလိုကြိုးစားတာ အဓိပ္ပာယ်မရှိမှန်း သိသွားလို့ပါ။ အချိန်ဆွဲကစားရင် ထပ်ဆောင်းအချိန်တွေ ထည့်ပေါင်းမှာဖြစ်လို့ အဲဒါက အဓိပ္ပာယ်မရှိမှန်း ကစားသမားတွေသိသွားရင် အချိန်ဆွဲကစားတာကို လျှော့ချနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ် ၁၀ ပွဲရှိခဲ့တယ်။ လေးပွဲက အချိန်ပို ၁၀ မိနစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး ပေးရမှာပါ။ ပွဲစဉ်တချို့ကလည်း တိကျတဲ့အချိန်မဟုတ်ဘဲ ဖြစ်နိုင်ခြေပဲ ထည့်ပေါင်းခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲရလဒ်က (၇-၀)၊ (၄-၀) ဖြစ်ခဲ့လို့ပါ။ လီဗာပူးလ်ပွဲမှာ အချိန်ပိုလေးမိနစ်ပေးခဲ့တယ်။ ပထမပိုင်းမှာ တစ်မိနစ်နဲ့ ဒုတိယပိုင်းမှာ သုံးမိနစ်ပါ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ခြောက်ဂိုးတောင် သွင်းခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

လူစားလဲခြင်း၊ ဒဏ်ရာရရှိခြင်း၊ ပယ်နယ်တီနှင့် အနီကတ်၊ VAR ဖြင့် ဆုံးဖြတ်ခြင်း၊ ဂိုးသွင်းပြီးနောက် အောင်ပွဲခံခြင်း စသည့် အချိန်များကို နာကျင်အချိန်ပိုအဖြစ် ထပ်ပေါင်းရန် FIFA က စီစဉ်နေခြင်းဖြစ်သည်။






