Wednesday, February 11, 2026
spot_img
spot_img

တရားမဝင်လောင်းကစားမှုဖြင့် စစ်ဆေးခံနေရသည့် တိုနာလီသည် လောင်းကစားအပေါ် စွဲလမ်းသည့်ရောဂါခံစားနေရကြောင်း အေးဂျင့်ဖြစ်သူ ဖွင့်ဟ

နယူးကာဆယ်ကွင်းလယ်ကစားသမား တိုနာလီ၏ အေးဂျင့်ဖြစ်သူ ဂူဆက်ပီရီဆိုက တရားမဝင်လောင်းကစားမှု ပြုလုပ်သည်ဆိုသော သံသယဖြင့် အီတလီနိုင်ငံတွင် စစ်ဆေးခံနေရပြီး ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေသည့် တိုနာလီသည် လောင်းကစားအပေါ်  စွဲလမ်းသည့်ရောဂါခံစားနေရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ တိုနာလီသည် အီတလီလက်ရွေးစင်အသင်းဖော် ဇာနီယိုလိုနှင့်အတူ အောက်တိုဘာ (၁၀)ရက်တွင် တရားမဝင်လောင်းကစားပြုလုပ်သည်ဆိုသော သံသယဖြင့် အီတလီအာဏာပိုင်များ၏ စစ်ဆေးခြင်းကိုခံခဲ့ရသဖြင့် အီတလီအသင်း လူစာရင်းမှ ပြန်လွှတ်ခံခဲ့ရသည်။

တိုနာလီအနေဖြင့် လက်ရှိတွင်လည်း တရားမဝင်လောင်းကစားမှုဖြင့် အီတလီနိုင်ငံတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရသည်။ ယခုအခါ တိုနာလီ၏အေးဂျင့်ဖြစ်သူ ဂူဆက်ပီရီဆိုက တိုနာလီသည် လောင်းကစားအပေါ်  စွဲလမ်းသည့်ရောဂါ ခံစားနေရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂူဆက်ပီရီဆိုက “ဆန်ဒရို(တိုနာလီ)က လောင်းကစားစွဲလမ်းမှုကို တိုက်ထုတ်ဖို့ ကြိုးစားနေပါတယ်။ သူ့အနေနဲ့ ဒီ(လောင်းကစားစွဲလမ်းမှုကို တိုက်ထုတ်)ပွဲမှာ အနိုင်ရမှာပါ။ ဆန်ဒရိုဘက်က အမြဲရပ်တည်ပေးတဲ့ နယူးကာဆယ်ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ (အခုပြဿနာကြောင့်) သူဟာ အံ့အားသင့်နေသလို၊ တုန်လှုပ်ပြီး ဝမ်းနည်းနေပါတယ်။ အခု ကြုံတွေ့နေရတာတွေက သူ့အတွက် သင်ခန်းစာရဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

တိုနာလီအနေဖြင့် လက်ရှိတွင် အေစီမီလန်အသင်းတွင် ကစားစဉ်က တရားမဝင်လောင်းကစားမှုပြုလုပ်ခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။ အီတလီမှလာသည့် သတင်းများအရ တိုနာလီအနေဖြင့် လောင်းကစားမှုပြုလုပ်ရာတွင် ၎င်းကိုယ်စားပြုကစားသည့် အေစီမီလန်၊ နယူးကာဆယ်နှင့် အီတလီအသင်းများ မပါဝင်သည့်အတွက် ပြစ်ဒဏ်လျှော့ပေါ့နိုင်ကြောင်း သိရသည်။ တိုနာလီသည် စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်း ပြောကြားထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments