Monday, February 9, 2026
spot_img
spot_img

တန်းဟက်နဲ့ မန်ယူတို့ရဲ့ ခေတ်သစ်တစ်ခု အစပြုလာပြီ

မန်ယူအသင်းသားတွေက တန်းစီပြီး ဝင်ဘလေကွင်းအပေါ်ကိုတက်သွားကြပါတယ်။ မက်ဂွိုင်းယားက အသင်းခေါင်းဆောင်အဖြစ် ပွဲပြီးကာနီးဝင်ကစားပြီးတဲ့နောက် ဆုယူဖို့အတွက် အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ အသင်းရဲ့ ရှေ့ဆုံးက ဦးဆောင်ပါတယ်။ သူ့နောက်မှာတော့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ဖာနန်ဒက်စ်ကပ်လိုက်လာပါတယ်။ မန်ယူအသင်းသားလူတန်းရှည်ကြီးက လှေကားအတိုင်း တဖြည်းဖြည်းတက်သွားတာဟာ ဖာဂူဆန်ခေတ် နောက်ပိုင်း ဆုဖလားခန်းခြောက်ခဲ့တဲ့နေ့ရက်တွေကနေ တရွေ့ရွေ့တိုးတက်လာတာကို ထင်ဟပ် ပေါ်လွင်သလိုတောင် ဖြစ်နေပါတယ်။

မန်ယူအသင်းသားတွေက ဝင်ဘလေကွင်း ပွဲကြည့်စဉ်တွေပေါ်က  ဆုလက်ခံရယူမယ့်နေရာကို ရောက်သွားပါတယ်။ အသင်းသားတွေတန်းစီနေစဉ်မှာပဲ ဂိုးသမားဒဟေးယားက ငိုချလိုက်ပါတယ်။

သူ့အတွက်လည်း အတက်အကျအနိမ့်အမြင့်တွေများတဲ့ မန်ယူကစားသမား ဘဝသက်တမ်းကို ဖြတ်သန်းလာရတာလို့ ဆိုရမှာဖြစ်ပါတယ်။

တန်းဟက်လက်ထက် မန်ယူမှာ ထူးခြားတာကတော့ တောင်အမေရိကသား ကစားသမားအဓိကနေရာက ပါဝင်ခြေစွမ်းပြနေတာပဲဖြစ်ပါတယ်။ ကွင်းလယ်က ကာဆီမီရိုနဲ့ ဖရက်ဒ် က ဘရာဇီးတွေဖြစ်သလို ခံစစ်နေရာက မာတီနက်ဇ်ကလည်း အာဂျင်တီးနား ကစားသမားဖြစ်ပါတယ်။ မန်ယူမှ ဟိန့်ဇီ ဗီရွန် တို့လို အာဂျင်တိုင်းတွေ ထင်သလောက်မအောင်မြင်ခဲ့သလို ဘရာဇီးကစားသမားတွေလည်း နေရာရထာ နည်းခဲ့ပါတယ်။

တန်းဟက်ဖန်တီးထားတဲ့ မန်ယူကတော့ ဘရာဇီး အာဂျင်တီးနား ပေါ်တူဂီတို့လို ဘောလုံးကျွမ်းကျင်မှုကို အခြေခံပြီး ကစားတတ်တဲ့သူတွေနေရာရတဲ့ ဥရောပအသင်းတွေပုံစံကစားနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်လာနိုင်တာလည်း အမှန်ဖြစ်ပါတယ်။ ဘာစီလိုနာလိုအသင်းကို အိမ်ကွင်းအဝေးကွင်းမှာ ကစားကွက် ကစားအား ခြေစွမ်း မနိမ့်ဘဲ ကစားပြလိုက်နိုင်တာကို ကြည့်ရင် ဒီအချက်က သိသာပါတယ်။ သူတို့ကလည်း ဘရာဇီးအလံ အာဂျင်တီးနားအလံတွေကို ခြုံထားကြသလို အသင်းပရိသတ်အချို့ကလည်း သူတို့ ဟီးရိုးတွေရဲ့ နိုင်ငံအလံကို ဝှေ့ယမ်းပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။

အသင်းသားတွေထဲမှာ ချန်ပီယံလိဂ်လို ဖလားမျိုးကို အကြိမ်ကြိမ်အရယူဖူးတဲ့ ကာဆီမီရို ဗာရန်းတို့ ပါဝင်နေသလို ကမ္ဘာ့ဖလားကို မကြာမီက အရယူလိုက်နိုင်တဲ့ မာတီနက်ဇ်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူတို့အားလုံးက အင်္ဂလန်ရဲ့ တတိယဖလားလိုဖြစ်နေတဲ့ ကာရာဘောင်ဖလားကို အရယူပေးနိုင်တာကို အရမ်းစိတ်လှုပ်ရှားဝမ်းသာနေတာကို ကြည့်ရင် တန်းဟက်ရဲ့ မန်ယူအတွက် ပထမခြေလှမ်းအဖြစ် အခုလို ဆုဖလားရယူလိုက်ရတာက အရမ်းကို အရေးကြီးကြောင်း ပေါ်လွင်နေပါတယ်။

ဆုဖလားတစ်ခါမှ မရသေးလို့ ရချင်တယ်ဆိုတဲ့ ဝက်ဂ်ဟော့စ်လည်း ကာရာဘောင်ဖလားကို တစ်စိမ့်စိမ့်ကြည့်ပြီး ပျော်နေတာကို တွေ့ရပါတယ်။ အသင်းသားတွေကို ဆုဖလားပေးလိုက်ချိန်မှာပဲ ဝင်ဘလေကွင်းအတွင်းမှာ ဂုဏ်ယူပါတယ် မန်ချက်စတာယူနိုက်တက်ဆိုတဲ့စာတမ်းလည်း ပေါ်ထွက်လာပါတယ်။ အသင်းသားတွေကလည်း ပျော်ရွှင်စွာ အော်ဟစ်အောင်ပွဲခံနေတာကို တွေ့ရပါတယ်။

ဒီအချိန်မှာ ထူးထူးခြားခြားတည်ငြိမ်နေတာကတော့ မန်နေဂျာ တန်းဟက်ပါ။ အသင်းသားတွေက ပွဲကြည့်စဉ်ပေါ်မှာ ဖလားကို မြှောက်ပြီးအောင်ပွဲခံပြီးတဲ့နောက်မှာ တန်းဟက်ကလည်း ကာရာဘောင်ဖလားကို လေထဲမြှောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။ တန်းဟက်ကို ကြည့်ရတာက ပျော်ပျော်ရွှင်ရွှင်နဲ့ တည်ငြိမ်နေတာကို တွေ့ခဲ့ရပါတယ်။ တန်းဟက်က နောက်ထပ် ဆုဖလားတွေ ထပ်ယူမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒီနောက်မှာတော့ ကွင်းအတွင်းကို ဆင်းလာပြီး ကာရာဘောင်ဖလားချန်ပီယံ ဆိုတဲ့စာတမ်း အစိမ်းရေးထိုးထားတဲ့ စင်မြင့်ငယ်နဲ့အတူ အောင်ပွဲခံကြပြန်ပါတယ်။ အသင်းသားအားလုံးက ပျော်ရွှင်ပြီး ပြေးလွှားဖလားမြှောက်နေတာကို ကြည့်ခြင်းအားဖြင့် ဒီလိုအခိုက်အတန့်မျိုးကို အကြိမ်ကြိမ်မြင်တွေ့ရဖို့ အတွက် လမ်းစတစ်ခု ပေါ်လာပြီလို ယူဆလို့ ရနိုင်ပါတယ်။

တန်းဟက်နဲ့ မန်ယူအတွက် ခေတ်တစ်ခေတ်ရဲ့ အစဖြစ်လာနိုင်ကြောင်းပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments