ဂျေမီကာရေဂါဟာ မနေ့ညက ရီးရဲယ်မက်ဒရစ်ကို ၅-၂ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆိုးဆိုးရွားရွား ကစားခဲ့တဲ့ လီဗာပူး ခံစစ်ပိုင်းကို အပြင်းအထန် ဝေဖန်မှု လုပ်သွားခဲ့ပြီး အထူးသဖြင့် ဗာဂျယ်ဗန်ဒိုက်ကို ပြစ်တင်သွားခဲ့ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ရီးရဲယ်မက်ဒရစ်ကို နူးနက် ဆာလား တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း စပိန်ကလပ်က အိမ်ရှင်တို့ကို ဗီနီရှက် (၂ ဂိုး) ၊ ဘန်ဇီးမား (၂ ဂိုး) မီလီတာအို တို့ရဲ့ ဂိုးတွေနဲ့အတူ အန်ဖီးကွင်းမှာ ချေမှုန်းသွားခဲ့ပါတယ်။
ဒါဟာ လီဗာပူးတို့ ပထမဦးဆုံး အကြိမ် ဥရောပ အိမ်ကွင်း ပွဲစဉ်မှာ ငါးဂိုးပေးခဲ့ရတာ ဖြစ်ပြီး လီဗာပူး ကစားသမားဟောင်း ဂျေမီကာရေက ဒီရှုံးပွဲအတွက် လီဗာပူး ခံစစ်ပိုင်းနဲ့ အထူးသဖြင့် ဗန်ဒိုက်ကို ဝေဖန်မှု လုပ်သွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် အပြီးမှာ ကာရေဂါက “ပြီးခဲ့တဲ့ ၂ ပွဲမှာ ရလဒ်ကောင်းလိုက်တာနဲ့ လီဗာပူးတို့ ပြန်လာပြီလို့ ထင်နေကြတာဟာ တကယ့်ကို အဓိပ္ပာယ် ကင်းမဲ့လှပါတယ်။ ဒ့ါကြောင့်လည်း ပွဲမတိုင်မီ သူတိုနဲ့ ပက်သက်ပြီး ကျနော် သတိထား ပြောနေတာပါ။ သူတို့ဟာ အဲဗာတန်ကို နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဒါဘီသမိုင်းတစ်လျှောက် အဲဗာတန်ရဲ့ အဆိုးဝါးဆုံး performance တွေထဲက တစ်ခုဖြစ်ကာ သူတို့ဟာ ဘာကိုမှ မလုပ်နိုင်ခဲ့ပါဘူး။ ကျနော် နယူးကာဆယ်နဲ့ ပွဲကိုလည်း သွားကြည့်ခဲ့ပါတယ်။ ၁၀ ယောက်ကျန် နယူးကာဆယ်ဟာ လီဗာပူးဘက်ကို အခွင့်အရေးတွေ ဖန်တီးခဲ့တာပါ။ အကယ်၍ နယူးကာဆယ်သာ 11v11 သာ ကစားရမယ်ဆိုရင် ဒါဟာ ၂-၂ ဖြစ်မယ့်ပွဲပါ။ ကျနော် ဒီလို ယုံကြည်ထားပါတယ်။

ဘာလို့လဲဆိုတော့ လီဗာပူးခံစစ်ဟာ ရာသီတစ်လျှောက်လုံး တကယ့်ကို ဖရိုဖရဲ ဖြစ်နေခဲ့လို့ပါ။ ဒီအသင်းဟာ ပြီးခဲ့တဲ့ရာသီက အရမ်းကောင်းတဲ့ ခံစစ်မှတ်တမ်း ရရှိခဲ့ပေမယ့် ကွင်းလယ်ပိုင်းဟာ စွမ်းအင်တွေ မရှိတော့ဘူးဆိုတာ ကျနော်တို့ နွေရာသီကတည်းက သိပါတယ်။ တိုက်စစ်ပိုင်းက ကစားသမားတွေကလည်း press မလုပ်တော့တာ ဒါမှမဟုတ် မာနေး နဲ့ ဖာမီနို တို့လို ညီညွှတ်စွာ မကစားတော့ပါဘူး။ နူးနက်နဲ့ ဂတ်ပို တို့အတွက် ဒါဟာ အသစ် အသစ် ဖြစ်နေပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့အကောင်းဆုံး ခံစစ် ကစားသမား ရှိနေတဲ့ လီဗာပူး ခံစစ်ပိုင်းဟာ ဒါကို ဖြေရှင်းနိုင်စွမ်း မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ခံစစ်ပိုင်းရဲ့ ရှေ့မှာ ကမ္ဘာပေါ်က ဘယ်အသင်းမဆိုထက် smart ဖြစ်ပြီး လုပ်အားကောင်းလှတဲ့ front six က ကာဗာပေးထားခဲ့ပါတယ်။ အခုဆိုရင်တော့ ဒါက လုံးဝ မရှိတော့ပါဘူး။ သူတို့ဟာ လုံးဝကို ပြိုလဲသွားခဲ့ပါတယ်။ ကျနော်ဟာ လီဗာပူး ပရိတ်သတ်တွေလိုပဲ ဒီမန်နေဂျာ နဲ့ ကစားသမားတွေရဲ့ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်က စွမ်းဆောင်ခဲ့မှုတွေ အပေါ် တအားကို လေးစားချစ်ခင်ပါတယ်။ သူတို့ဟာ အသင်းအတွက် အများကြီး စွမ်းဆောင်ပေးခဲ့သူတွေ ဖြစ်တာကြောင့် သူတို့အကြောင်း မကောင်းပြောရတာ နာကျင်စရာ ကောင်းပါတယ်။
ဒါပေမယ့် လီဗာပူးဟာ အခု ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာမှာ ရှိနေတဲ့အသင်းပါ။ ဒီညမှာ သူတို့ဟာ ရီးရဲယ်မက်ဒရစ်ရဲ့ 5-2 နဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ ရီးရဲယ်မက်ဒရစ် အကြောင်းကို ကျနော် သိပါတယ်။ ဒါပေမယ့် ဒါဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့ အသင်းတွေပါ။ ဒီရာသီ လီဗာပူးရဲ့ ကစားပုံကို ဒီလို မြင်နေရတာဟာ လက်ခံနိုင်စရာကို မရှိပါဘူး။ ကျနော်တို့ဘက်က လီဗာပူး အတွက် အကြောင်းပြချက် အကြောင်းရင်းတွေ ရှာဖွေပေးနေပေမယ့် သူတို့ဟာ တကယ့်ကို ကောင်းမွန်မှု မရှိတာပါ။

ရယ်စရာကောင်းတာ တစ်ခု ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ လက ကျနော်ဟာ ဒီလီဗာပူး back four မှာ နေရာရနိုင်မယ့်သူ မဟုတ်ဘူးလို့ ဗာဂျယ်ဗန်ဒိုက်က ပြောခဲ့ပါတယ်။ ကျနော် ဒါနဲ့ ပက်သက်ပြီး မကျေမနပ် ဖြစ်တာ မရှိပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်ဟာ သူ့နေရာကို အစားဝင်နိုင်တယ်လို့ ထင်ပါတယ်။ တစ်ချို့ ကစားသမားတွေကိုလည်း ကြည့်လိုက်ပါ။ ဥပမာ ဂိုးမက်ဇ်ပေါ့။ ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး။ ကစားသမားတွေဟာ ဆိုးရွားတဲ့ညတွေ ကြုံတွေ့ရတက်ပါတယ်။ ကျနော် အနေနဲ့ သူတို့ ကျဆင်းနေချိန်မှာ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ဂိုးမက်ဇ် အနေနဲ့ ဒီအချိန်မှာ ဆိုးဆိုးရွားရွား ခံစားနေရမှာ သေချာပါတယ်။
ကျနော်တို့ဟာ ပွဲတိုင်း လီဗာပူး ကွင်းလယ် ကစားသမားတွေကို ကြည့်ပြီး သူတို့ ဒီအပိုင်းကို အင်အားဖြည့်တင်းသွားဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုပြီး တောက်လျှောက် ပြောနေပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ခံစစ်ပိုင်းကိုလည်း ပြင်ဆင်သွားရန် လိုအပ်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ ခံစစ် ကစားသမားတွေဟာ အမှားများပြီး expose ဖြစ်တဲ့အပြင် defend လည်း မလုပ်နိုင်ကြပါဘူး။” လို့ ဆိုလိုက်ပါတယ် ။






